Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့အခါသမယဖြစ်သည့် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်း၊ ၂၇ လမ်းထောင့်နှင့် ၇၁ လမ်း၊ ၂၈ လမ်းထောင့်ရှိ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက်ရှိ မော်တော်ဆိုင်ကယ်ရပ်နားဆောင်အတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ်တစ်စီး၏ အိတ်ဇောအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ထိုသို့ပေါက်ကွဲမှုကြောင့် အတာရေသဘင်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ယခုကဲ့သို့ မြန်မာ့ရိုးရာအတာသင်္ကြန်ရေသဘင်ပွဲတော်ကို ရိုးရာမပျက်ဆင်နွှဲလျက်ရှိသည့် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်လုပ်မိုင်းများ ဖောက်ခွဲခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။