နေပြည်တော် ဧပြီ ၁၃
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ဘင်္ဂါလီလူမျိုးကျေးရွာသူ၊ ကျေးရွာသားအချို့သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက် သောင်းကျန်းသူများသည် ဧပြီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဗုံးသီး ၁၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူအင်အား ၁၀၀ ကျော်ခန့်မှာလည်း ကျေးရွာများအတွင်းသို့ဝင်ရောက်၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဘင်္ဂါလီကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃၀၀၀ ကျော် ခန့်သည် ၎င်းတို့၏ ကျေးရွာများအားစွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ် များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်