နေပြည်တော် ဧပြီ ၁၂
စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်း မိသားစုအချင်းချင်း ချစ်ခင်ရင်းနှီး၍ စည်းလုံးညီညွတ်မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ အချင်းချင်းရိုင်းပင်းကူညီတတ်စေရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရေးအတွက်နှစ်သစ်တွင် စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေစေရန်နှင့် ၂၀၂၅ ခုနှစ်တွင်ကျရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ပတ္တမြားရတုအကြို (၃၉) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားနှင့် မြန်မာနှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် (၆) ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော စွမ်းအင်ကဏ္ဍကို တာဝန်ယူဆောင်ရွက်နေသောဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း၊ ယနေ့သည် စွမ်းအင်ဝန်ကြီးဌာန၏ ပတ္တမြားရတုအကြို (၃၉) နှစ်မြောက်နေ့ဖြစ်ကြောင်း၊ နိုင်ငံတော်၏စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နောင်တော်များ၏ကျေးဇူးကို သတိရကြစေလိုကြောင်း၊ နောင်နှစ်များစွာတိုင်အောင် ယခုလိုဝန်ကြီးဌာနကြီး အောင်မြင်စွာရပ်တည်နိုင်ရန်အတွက် ဝန်ထမ်းအကြီးအမှူးမှ အောက်ခြေဝန်ထမ်းအထိ တာဝန်ရှိသူတိုင်းက ဝိုင်းဝန်းကြိုးပမ်း =ဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာနှစ်သစ်ကာလတွင် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ၍ စိတ်သစ်လူသစ်ဖြင့် တိုင်းပြည်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေလိုကြောင်း၊ မိမိတို့၏အတတ်ပညာ၊ အသိပညာများကိုအသုံးချ၍ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အကျိုးကို ဆတက်ထမ်းပိုး ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်ကြ စေလိုကြောင်း နှစ်သစ်ဆုမွန်ကောင်းစကားများ ပြောကြားသည်။
အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုငွေများချီးမြှင့်ပေးပြီး ဝန်ထမ်းများနှင့်အတူ နံနက်စာလက်ရည်တစ်ပြင်တည်း သုံးဆောင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အတာရေဖြင့်ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်