Skip to main content

လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲအခမ်းအနားတွင် ပြခန်းပေါင်း ၈၀ ဝန်းကျင် ပါဝင်မည်

နေပြည်တော် ဧပြီ ၁၂

လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲအခမ်းအနားတွင် ပြခန်းများ ခင်းကျင်းပြသမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အကြီးအကဲထံမှ လူရည်ချွန်လူငယ်မောင်မယ်များ ဩဝါဒခံယူပွဲတွင် ပြခန်းများပြသနိုင်ရေး ကြိုတင်သိရှိညှိနှိုင်းနိုင်စေရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် လူငယ်ကဏ္ဍနှင့်ပတ်သက်၍ အနှစ်သာရပေါ်လွင်အောင် ဖော်ဆောင်သွားမည်ဖြစ်ပြီး လူငယ်များ၏စိတ်တွင် စွဲမြဲသိမှတ်သင့်သည်ကို စွဲမြဲသိရှိသွားစေရန် အသိပညာပေးပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း။

ပြခန်းပေါင်း ၈၀ ဝန်းကျင် ပါဝင်မည်ဖြစ်ပြီး ပြခန်းများတွင် လူရည်ချွန်အဆင့်နှင့် လျော်ညီသည့် သိသင့်သိထိုက်သော အသိပညာပေးပြကွက်များကို ပြသနိုင်စေရန်နှင့် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးစိတ်ဓာတ်နှင့် ခံယူချက်များ မြင့်မားတိုးတက်လာစေရန်စသည့်အချက်များ ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် ပြခန်းခင်းကျင်းပြသနိုင်ရေး နေရာချထားမှုအခြေအနေများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က လူရည်ချွန်လူငယ်မောင်မယ်များ တွေ့ဆုံပွဲတွင် ပြခန်းများ ပြသရသည့်ရည်ရွယ်ချက်၊ အသိပညာပေးပြခန်းပြသမည့်အစီအစဉ်၊ ပါဝင်မည့် အသိပညာပေးပြကွက်များ၊ ပြခန်းများနေရာချထားမည့် လျာထားအစီအစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တို့မှ တာဝန်ရှိသူများက လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး အထောက်အကူပြုစေမည့် ပြခန်းများ ပြသနိုင်ရေး၊ ပြသမည့်အစီအစဉ်၊ ပြခန်းအရေအတွက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြခန်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

နိုင်ငံတစ်ဝန်းမှ လူရည်ချွန်မောင်မယ်များအား နိုင်ငံတော်၏ သမိုင်းဖြစ်စဉ်များနှင့် အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်များကို သိရှိစေပြီး နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲထံမှ လူရည်ချွန်လူငယ်မောင်မယ်များ ဩဝါဒခံယူပွဲတွင် အသိပညာပေးပြခန်းများကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း၊ ပြခန်းများတွင် နိုင်ငံတော်၏ သမိုင်းဖြစ်စဉ်များနှင့် အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်များ အသိပညာပေးပြကွက်၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ ပြကွက်နှင့် လူရည်ချွန်တွေ့ဆုံပွဲ သတင်းမှတ်တမ်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်