Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ Direct Reduction Plant ၊ သံတိုသံစများ စုပုံကွင်း၊ သံရည်ကျိုအလုပ်ရုံ၊ စက်မှု လုပ်ငန်းပြုပြင်ရေးအလုပ်ရုံ၊ မီးခံအုတ်များ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများထားရှိသည့် သိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည် ထောင်စုဝန်ကြီးက သံ၊ သံမဏိများအား ပြည်တွင်းသုံးစွဲမှုဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသည့် သံမဏိစက်ရုံကြီးဖြစ်သဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ ရပ်တန့်မှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားပါက အမြန်ဆုံးပြန်လည် စတင်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော စက်နှင့်စက်အရန်ပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းထားရှိကြရန်၊ ထို့အပြင် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက်လည်း ကြိုတင်မျှော်တွေး စီစဉ် ဆောင်ရွက်ထားရှိရန်။

ယခုနှစ်ဘဏ္ဍာငွေလျာထားချက်ပြည့်မီအောင် ဆောင်ရွက်မည့် အစီအမံများကို လက်တွ့ကျကျရေးဆွဲဆောင်ရွက်ရန်၊ စက်နှင့်စက်ပစ္စည်း၊ ကုန်ကြမ်းဝယ်ယူရေး ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်၊ စက်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သည့်လုပ်ငန်းများ အပ်နှံရာတွင် ကျွမ်းကျင်ပညာရှင်များသည် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး အင်ဂျင်နီယာဝန်ဆောင်မှု အသိအမှတ်ပြုလက်မှတ် ရရှိပြီးသော ကုမ္ပဏီများကိုသာ စိစစ်ရွေးချယ်၍ လုပ်ငန်းအပ်နှံ ဆောင်ရွက်ရန်၊ ရရှိပြီးသောဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားရန်၊ ဝန်ထမ်း၊ စက်ပစ္စည်း၊ စက်ရုံ၊ စာရွက်စာတမ်း၊ သတင်းလုံခြုံမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် အင်ဂျင်နီယာများသည် ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တတ်မြောက်ကျွမ်းကျင်သည့်ပညာရှင်များ ဖြစ်သဖြင့် တွေ့ကြုံရမည့် အခက်အခဲများကို စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်