Skip to main content

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၁

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ အတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများကို ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းအပါအဝင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအောင်မြင်ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသား စုစုပေါင်း ၁၂၄ ဦး အထိရှိပြီဖြစ်ပါကြောင်း။

သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏ အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်းဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်း ဘာသာရပ်၊ အထွေထွေဥပဒေ အကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ်များဖြစ်ပါကြောင်း။

ပို့ချပေးသည့် ဆရာများကလည်း ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံအကြားအမြင် ပြည့်ဝသူများဖြစ်ကြသည့်အပြင် သက်ဆိုင်ရာဘာသာရပ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်ကြသည့် ဆရာများဖြစ်ပါကြောင်း၊ ပို့ချသည့်ဆရာများမှာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးတင်ဟုန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီးမြင့်စိုး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဥပဒေရေးဆွဲရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေရေးရာကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်နေကြသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များဖြစ်ပါကြောင်း။

ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာများစွာရရှိကြောင်း၊ ယခုသင်တန်း၏ အခြေအနေ၊ အချက်အလက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနတွင်လည်း မှတ်တမ်းများထိန်းသိမ်းထားရှိမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည်ဤ သင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းပြီးမြောက်အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသား ၂၆ ဦးကို ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်နှင့် ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်နေသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်