Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရတနာစံပရိယတ္တိ စာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့်ဇနီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

သိမ်ဆင်းလောင်းလှူ

ရှေးဦးစွာ ဥပဇ္ဈာယ်ဆရာတော်မှ ရဟန်းလောင်းများအား သိမ်ဝင်၍ ရဟန်းအဖြစ် သွတ်သွင်းချီးမြှင့်ပြီး သိမ်ဆင်းဆရာတော်နှင့် သံဃာတော်တို့အား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများဖြင့် သိမ်ဆင်းလောင်းလှူကြသည်။

ထို့နောက် နေပြည်တော်ဇေယျာသီရိမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌရတနာစံပရိယတ္တိ စာသင်တိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်သော ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာကြသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသည်။ ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် စုပေါင်းရဟန်းခံ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရဟန်းကိုးပါး၊ သီလရှင်သုံးပါး စုစုပေါင်း ၁၂ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်