ရန်ကုန် ဧပြီ ၉
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကောင်စီဝင်များ လပတ်ပုံမှန်အစည်းအဝေး(၂/၂၀၂၄)ကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မီဒီယာလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် သတင်းမီဒီယာအဖွဲ့အစည်းများကို သတင်းမီဒီယာဥပဒေ၊ သတင်း မီဒီယာကျင့်ဝတ်တို့နှင့် ညီညွတ်စွာဆောင်ရွက်နိုင်ရန် ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ်များကို သတင်းဌာနအသီးသီးက သတင်း မှန်ဖြစ်ရပ်မှန်များကို ထုတ်ပြန်နိုင်ရေး အထူးလိုအပ်ကြောင်း၊ သို့ရာတွင် သစ္စာမဲ့မီဒီယာများက ထုတ်ပြန်သည့် မဟုတ်မမှန်သတင်းမှားများက ပြည်သူများ အထင်အမြင်လွဲမှားအောင် တမင်ကြံစည်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုအခြေအနေများတွင် မိမိတို့သတင်းဌာနများက နိုင်ငံတော်၏ ပကတိအခြေအနေများကို သတင်းထုတ်ပြန်ရာတွင် သတင်းသမားတို့၏ ကျင့်ဝတ်နှင့် သတင်းမီဒီယာဥပဒေကို ရှောင်ဖယ်၍မရကြောင်း၊ အမှားအမှန်ကို ဝေဖန်ထောက်ပြနိုင်ကြောင်း၊ သို့ရာတွင် မိမိတင်ပြချက်ကို မိမိတာဝန်ယူရမည်ဖြစ်ကြောင်း။
သို့ဖြစ်၍ ယနေ့ကာလတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် နိုင်ငံတော်ကို မျက်နှာမူသည့် သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းသမားများကို မီဒီယာဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ အကာအကွယ်ပေးလျက်ရှိကြောင်း၊ ယနေ့တက်ရောက်လာသည့် ကောင်စီဝင်များကလည်း အတွေ့အကြုံရှိကြသူများပီပီ မိမိတို့တာဝန်ယူနိုင်သည့် မီဒီယာလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ယနေ့နိုင်ငံတော်၏ အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသိရှိအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကောင်စီဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်