Skip to main content

ဒုတိယဝန်ကြီး ဦးလွင်ဦး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့် အခမ်းအနား တက်ရောက်

နေပြည်တော် ဧပြီ ၉

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများကို သိရှိနားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာ သံတမန်များအား စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော သတင်းအမှန်များကို မျှဝေပေးနိုင်စေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းအမှားများကြောင့် ပြည်သူများအကြား ဖြစ်ပေါ်လျက်ရှိသော စိုးရိမ်စိတ်များကို လျော့ကျစေရေး ထပ်ဆင့်ရှင်းလင်းနိုင်စေရန် ရည်ရွယ်၍ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းကိုယ်စား လှယ်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဥပဒေအရ ယာယီရွှေ့ဆိုင်းပေးထားမည့်သူများ၊ လက်ရှိအခြေအနေတွင် အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း သတင်းထုတ်ပြန်ထားမှု၊ အမျိုးသားရေးတာဝန်ကို ပြည်သူများက ထမ်းရွက်ရမည့် သမိုင်းပေးတာဝန်အဖြစ် မှတ်ယူ၍ ဆောင်ရွက်သွားရေး စသည်တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယအမြဲတမ်းအတွင်းဝန်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နည်းဥပဒေရေးဆွဲနေမှုအခြေအနေ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိသည်။

သတင်းစဉ်