နေပြည်တော် ဧပြီ ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၆ ရက် မွန်းလွဲပိုင်း၌ ကျောက်ဆည်မြို့ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) တွင် သုတေသနလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များ အောင်မြင်ပြည့်မီအောင် လက်တွေ့ကျကျ အထောက်အပံ့ပြုနိုင်မည့် သုတေသနများကို အဓိကဆောင်ရွက်ရန်၊ သတ္တုရိုင်းသိုက်များမှ အဖိုးတန်သတ္တုများထုတ်လုပ်ခြင်းကဏ္ဍ ဖွံ့ဖြိုးနိုင်ရေး သတ္တုပါဝင်မှု မြှင့်တင်ပေးခြင်းနှင့် သတ္တုသန့်စင်ခြင်းလုပ်ငန်းများဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများ စံချိန်စံညွှန်းများ ပြည့်မီရန်နှင့် သုတေသနပညာရှင်များသည် အမြဲမပြတ်လေ့လာကာ အရည်အသွေးများ မြင့်မားအောင် ဆန်းစစ်မြှင့်တင်ရန်၊ တိုင်းကျိုးပြည်ပြု ဒြပ်ပစ္စည်းသုတေသနများဖြင့် ရှင်သန်သက်ဝင်ကာ မျိုးဆက်သစ်ရင်းမြစ်များ စဉ်ဆက်မပြတ် ထွန်းကားလာစေသော ဝန်းကျင်ကောင်းတစ်ခုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကြွေထည်သုတေသနဌာနခွဲရှိ ကြွေထည်အမျိုးအစားသစ်များ ထုတ်လုပ်ခြင်း၊ ကြွေထည်ဂုဏ်သတ္တိများ စစ်ဆေးခြင်းနှင့် သတ္တုကွန်ပိုစစ်ပစ္စည်းများ ထုတ်လုပ်ခြင်း သုတေသနတို့ကိုလည်းကောင်း၊ ပေါ်လီမာသုတေသနဌာနခွဲရှိ ပေါ်လီမာပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပေါ်လီမာများ၏ ဂုဏ်သတ္တိများကို စစ်ဆေးခြင်း သုတေသနတို့ကိုလည်းကောင်း၊ အီလက်ထရောနစ်နှင့် သံလိုက်ဒြပ်ပစ္စည်း သိပ္ပံသုတေသန ဌာနခွဲရှိ EV သုံး လီသီယမ်ဘက်ထရီဆိုင်ရာ ဒြပ်ပေါင်းများ ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်သတ္တုများထုတ်လုပ်ခြင်းသုတေသနတို့ကိုလည်းကောင်း၊ ဗဟိုဓာတ်ခွဲဌာနခွဲရှိ သတ္တုရိုင်းသိုက်များ ဖွဲ့စည်းပါဝင်မှုများ စမ်းသပ်ခြင်း၊ သတ္တုများတွင် ပါဝင်သော ဒြပ်စင်များ၏ ပမာဏအား စစ်ဆေးခြင်းနှင့် ထုတ်လုပ်သတ္တုများရှိ သန့်စင်မှုပမာဏကို စစ်ဆေးခြင်း သုတေသနတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုထုတ်လုပ်ထားသော ဒြပ်ပစ္စည်းများကို နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်ပိုင်စက်ရုံများတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေး သုတေသနရလဒ်/နည်းပညာများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးနိုင်ရေးကို ထိရောက်ပီပြင်စွာ ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာ အခက်အခဲတင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်