Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာနှင့်အဆောင်များတွင် မသက်ဆိုင်သူများ ဝင်ရောက်နေထိုင်မှုမရှိစေရေး စိစစ်ကြပ်မတ်ရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်နေထိုင်သူများအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်ရန်၊ တိုက်နံရံနှင့် ခေါင်မိုးများပေါ်တွင် ပေါက်နေသောအပင်များကို ရှင်းလင်းသွားရန်၊ ဝန်ထမ်းအိမ်ရာများတွင် အဆင့်အတန်းမြင့်မြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြရန်၊ ပူပြင်းသော နွေရာသီကာလသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး အထူးအလေးထားနေထိုင် ကြရန်နှင့်ရေကို အကျိုးရှိရှိချွေတာသုံးစွဲကြရန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီကသတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း တိကျစွာလိုက်နာနေထိုင်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုံခြုံရေးအသိ လုံခြုံရေးသတိရှိရှိ နေထိုင်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်ရာကြီးကြပ်သူ တိုက်တာဝန်ခံများ၊ နေထိုင်သူဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်