Skip to main content

ဒုတိယမြို့တော်ဝန် ဦးညီညီ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာ ယာလှပရေးအတွက် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်းအင်အားဖြင့် စဉ်ဆက်မပြတ် စုပေါင်းလုပ်အားပေးများ ဆောင်ရွက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင် များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများသည် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၃) ရပ်ကွက် ကျောက်စိမ်းလမ်းရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း တွင်လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅) ရပ်ကွက် ခေတ္တာလမ်းရှိ အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ဒဂုံ မြို့သစ်(‌တောင်ပိုင်း) မြို့နယ်အမှတ်(၂၆) ရပ်ကွက် ပုလဲရတနာလမ်းရှိ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတွင်လည်းကောင်း၊ ဒဂုံမြို့သစ် (‌ဆိပ်ကမ်း) မြို့နယ် အမှတ်(၉၃) ရပ်ကွက် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် သာကေတမြို့နယ် ၁/ အနော်မာ ရပ်ကွက်အနော်မာလမ်းမကြီးရှိ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းတွင်လည်းကောင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းနံရံနှင့် အုတ်ခြံစည်းရိုးရှိ ရေညှိများ တိုက်ချွတ်ဆေးကြောခြင်း၊ ကျောင်းအဆောက်အအုံခေါင်မိုးများရှိ သစ်ရွက်ကြွေများ ရှင်းလင်းခြင်း၊ မြေပိုများရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများကို ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ် ခြင်း စသည့် စုပေါင်းလုပ်အားပေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်