Skip to main content

ဥပဒေ၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ

မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် ပြည်သူအားလုံး လိုက်နာရမည့် အချက်များ ဖြစ်သည်။ ထုတ်ပြန်ချက်များသည် အများပြည်သူတို့အား အနေအထိုင် ကျပ်တည်းအခက်အခဲဖြစ်အောင် ထုတ်ပြန်ထားခြင်းမဟုတ်ပေ။ အများ ပြည်သူတို့ အကျိုးစီးပွားအတွက် ပြည်သူတို့ကို ကာကွယ် စောင့်ရှောက်ပေးနိုင်ရန်အတွက် အခြေအနေအချိန်အခါနှင့် လျော်ညီစွာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဥပဒေ၊ စည်းကမ်းအပိုင်းတွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် ကိုင်တွယ်မှု ညင်သာပြီး အသိတရားဖြင့် လိုက်နာမှုကိုလိုလားကာ လိုအပ်မှသာ အရေးယူလေ့ရှိသည်။ မြန်မာနိုင်ငံရှိ ပြည်သူများမှာ လွတ်လပ်စွာနေထိုင်ကြရပြီး ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းကမ်း များကို ဆိုးဆိုးရွားရွား ချိုးဖောက်လျှင်မူ အရေးယူခံကြရသည်။ ကိုဗစ်-၁၉ ကာလတွင် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအပြင် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ ထုတ်ပြန်ထားသည့်အချက်များကိုလည်း အကြိမ်ကြိမ်အခါခါ သတိပေး လျက်ရှိသည်။ နှိုးဆော်အသိပေးလျက်ရှိသည်။

ယခုကာလတွင် ပြည်သူများအနေဖြင့် ကပ်ရောဂါနှင့်ပတ်သက်၍ သတိမမူ ပေါ့ဆလာကြပြီး ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာမှု အားနည်းလာကြသည်။ အကျိုးဆက်မှာ မကြာသေးမီ ရက်သတ္တပတ်မှစတင်၍ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု ပိုမိုများပြားလာခဲ့သည်။ တစ်ရက်နှင့်တစ်ရက် ရောဂါပိုးတွေ့ရှိမှု စံချိန်တင် မြင့်မားလာခဲ့သည်။ ထပ်တိုးသေဆုံးမှုလည်း ရှိလာခဲ့သည်။ ထို့ကြောင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို မလိုက်နာကြသူများအား ဥပဒေအရအရေးယူမှုများ ပြုလုပ်ခဲ့ရသည်။

ရောဂါကပ်ဘေးကာလတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းမလိုက်နာသူများအား ကူးစက်ရောဂါ တားဆီးနှိမ်နှင်း ရေးဥပဒေ၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက် များကို ဖောက်ဖျက်မှု၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ဖြင့် အရေးယူခဲ့ရသည်။ ကန့်သတ် ထားရှိသည့်နေရာမှ ထွက်ပြေးခြင်း၊ ပြည်ပမှ ပြန်ဝင်လာကြောင်း အသိမပေးခြင်း၊ အခြားနေရာ များသို့ သွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း၊ ကျန်းမာရေး စစ်ဆေးရန်ခေါ်ယူရာတွင် လက်မခံဘဲထွက်ပြေးခြင်း၊ ပါးစပ်နှာခေါင်းစည်း မတပ်ဘဲသွားလာခြင်း၊ ကန့်သတ်ထား ရှိရမည် ကိုမခံယူဘဲ ရှောင်တိမ်းခြင်း ပြုလုပ်ခဲ့ကြသူများအား ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ အမျိုးသား၊ အမျိုးသမီး ၁၃၉၀၈ ဦးကို အရေးယူခဲ့ရသည်။

ကိုဗစ်-၁၉ စောင့်ကြည့်ကာလအတွင်း အရက်သေစာသောက်စားသူများ၊ စည်းကမ်း သတ်မှတ် ချိန်တွင် စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ရန် လက်ခံ ခြင်း၊ လူစုလူဝေးဖြင့် မင်္ဂလာပွဲ ကျင်းပခြင်း၊ ဆေးရုံတွင် စောင့်ကြည့် လူနာဖြင့် တက်ရောက်နေစဉ် ထွက်ပြေးခြင်း၊ Quarantine စင်တာများကို နှောင့်ယှက် ခြင်း၊ သတင်းမှားများ ဖြန့်ဝေခြင်း၊ ဝတ္တရား နှောင့်ယှက်ခြင်း၊ လူစုလူဝေးဖြင့်ဆန္ဒပြခြင်း၊ ဘာသာရေးအခမ်းအနားများ ကျင်းပခြင်းတို့ ပြုလုပ်သူတို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူခဲ့သည်။ ထို့အပြင် KTV၊ Club၊ Bar နှင့် အနှိပ်ခန်းများ ဖွင့်လှစ်ထားမှုများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှာဖွေဖော်ထုတ်၍ အရေးယူခဲ့ပြီး ညမထွက်ရ အမိန့်ကို မလိုက်နာသည့်အတွက် ဖောက်ဖျက်သူ ၅၅၇၀ ကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့သည်။

ဤကဲ့သို့ အရေးယူခြင်းသည် ပြည်သူများအား ဖိနှိပ်လိုခြင်းမဟုတ်ဘဲ ပြည်သူအားလုံး ရောဂါဘေးအန္တရာယ် မဖြစ်စေရေး၊ မည်သည့်အတွက်ကြောင့် အရေးယူရသည်ကို နားလည်နိုင်စေရေး၊ ဥပဒေ၊ စည်းကမ်းများကို လိုက်နာစေလိုရေးအတွက် အရေးယူခဲ့ရခြင်းဖြစ်သည်။ ပြည်သူများ ဥပဒေ၊ စည်းကမ်းများကို လိုက်နာမှုလျော့နည်း လာပါက ရောဂါပြန့်ပွားမှု ပိုမို မဖြစ်လာစေရန် ဟန့်တားကာကွယ်ရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ ပိုမိုရောဂါ ပျံ့နှံ့လာပါက အန္တရာယ်ကြီးမားလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ စည်းကမ်းလိုက်နာကြပါက ရောဂါ ဖြစ်ပွားမှု ကျဆင်းလာမည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စည်းကမ်းရှိစွာ ဆက်လက်ရင်ဆိုင်နိုင်ပါက ရောဂါနှင့် ဒုက္ခဆင်းရဲများ ကြာရှည်စွာခံစား ရမည်မဟုတ်ပေ။ စည်းကမ်းမလိုက်နာသဖြင့် ရောဂါပြန့်ပွားသွားပါက ရောဂါနှင့် ဒုက္ခဆင်းရဲ ဖြစ်မှုများ ကြာသင့်သည်ထက် ကြာမြင့် သွားမည်ကို သတိချပ်ရမည် ဖြစ်ပါကြောင်း။ ။