Skip to main content

သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာ သုံးနှစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၈

သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သုံးနှစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့သည့် တက္ကသိုလ်/ကောလိပ်များမှ ပါမောက္ခ(ဌာနမှူးများ)နှင့် ဆရာဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနငါးခုမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများ(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အဖြစ် ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုလျှင် သင်တန်းကာလနှစ်နှစ်ဖြင့် သင်တန်းများကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ သမဝါယမစာရင်း ရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ အထက်တန်းကျောင်းများနှင့် စက်မှုအထက်တန်းကျောင်းများကဲ့သို့ သုံးနှစ်သင်တန်းသို့ တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။

လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်ပြီး အကောင်အထည်ဖော်မည်ဖြစ်သည့်အတွက် သုံးနှစ်တာသင်ကြားပို့ချမည့် ဘာသာရပ်သင်ခန်းစာများကို စနစ်တကျပြည့်စုံစွာ ရေးဆွဲပြုစုစေလိုကြောင်း၊ စနစ်သစ်ပညာရေးအရ Grade-9 အောင်မြင်ထားသူများကို သင်တန်းသားအဖြစ် လက်ခံဆောင်ရွက်မည်ဖြစ်သည့်အတွက် အဆင်ပြေနိုင်သော သင်ခန်းစာများကို ရွေးချယ်သတ်မှတ်စေလိုကြောင်း၊ သုံးနှစ်သင်တန်းပြီးမြောက်သည့်အခါ Certificate in Business Accounting လက်မှတ်ထုတ်ပေးရန်နှင့် စာရင်းကိုင် ဘာသာရပ်များနှင့် သင်္ချာဘာသာရပ်တို့မှ ဂုဏ်ထူးရရှိပြည့်မီသူများအား သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များနှင့် သမဝါယမကောလိပ်များတွင် ပေါင်းကူးပညာသင်ယူပြီး ဘွဲ့၊ ဒီပလိုမာများပေးအပ်နိုင်အောင် စီစဉ်မည်ဖြစ်ကြောင်း။

သမဝါယမကောလိပ်အပြင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ယူနိုင်ရန် အရည်အချင်းစိစစ်လက်ခံရမည်ဖြစ်ပြီး အောင်မြင်ပြီးသော သင်တန်းသားများအားလုံး အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း၊ သမဝါယမစာရင်း ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများအနေဖြင့် နိုင်ငံအတွက်တန်ဖိုးရှိသော အနာဂတ်စာရင်းကိုင်ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်သော အားထားရသောကျောင်းများအဖြစ် ရေရှည်တည်တံ့ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ပြောကြားပြီး သင်ရိုးညွှန်းတမ်းရေးသားပြုစုသော Major ဘာသာရပ်၏ တာဝန်ခံအဖွဲ့ခေါင်းဆောင်များက သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက အကြံပြုချက်များကိုဆွေးနွေးပြီး သုံးနှစ်သင်တန်းတွင် သင်ကြားမည့်သင်ခန်းစာများကို ဆွေးနွေးညှိနှိုင်းကြသည်။

သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းများတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို ဖော်ထုတ်ပြုစု၍ ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေးဌာန၏ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက အသိအမှတ်ပြုခွင့်ပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး သုံးနှစ်သင်တန်းပြီးမြောက်ပါက သတ်မှတ်အရည်အချင်းပြည့်မီသူများအား သမဝါယမကောလိပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူးဆက်လက်ပညာသင်ကြားနိုင်ရေးနှင့် အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်