ရန်ကုန် ဧပြီ ၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းသည် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်လွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရန်ကုန်လေဆိပ် Operator လုပ်ကိုင်နေသည့် Yangon Aerodrome Company Limited – YACL မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
လုပ်ထုံး/ လုပ်နည်း ဝန်ဆောင်မှုပေး
တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက လက်ရှိလေဆိပ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးကလိုအပ်ချက်များကို ပြန်လည်ရှင်းလင်း ညှိနှိုင်းဆောင်ရွက်ပေးပြီး ရန်ကုန်လေဆိပ်သည် မိမိနိုင်ငံအတွင်းသို့ ပြည်ပမှလေကြောင်းခရီးဖြင့် ခရီးသည်များစွာ ဝင်ရောက်ထွက်ခွာသည့် အဓိကဝင်ပေါက်နေရာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားများ အဆင်ပြေလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးသည် အဓိကလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်းမှ သတ်မှတ်ခွင့်ပြုကုန်ပစ္စည်းများကို နိုင်ငံတကာမှတင်သွင်းခြင်းနှင့် နိုင်ငံတကာသို့တင်ပို့ခြင်း လုပ်ငန်းများကိုလုပ်ထုံး/ လုပ်နည်းနှင့်အညီ ဝန်ဆောင်မှုပေးနေရသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နေရကြောင်း။
လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ လုံခြုံ ရေးတာဝန်ထမ်းဆောင်နေရသည့် ဝန်ထမ်းများအနေဖြင့်လည်း လေဆိပ်ပတ်ဝန်းကျင်နှင့် လေဆိပ်အတွင်း မသမာသူများဝင်ရောက်ပြီး အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေးအထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လေကြောင်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်တင်သွင်းမှုများ အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက်လေဆိပ်၌ တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လေဆိပ် Operator တို့ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အခက်အခဲ လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန်နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်လေဆိပ် ပြည်တွင်း/ ပြည်ပ ခရီးသည်များအတွက် ထွက်ခွာ/ ဆိုက်ရောက်သည့် Terminal 3 ၊ ကုန် ပစ္စည်းများ ရောက်ရှိ၊ တင်ပို့သည့် Cargo Terminal နှင့် ပြည်ပခရီးသည်များ ထွက်ခွာ/ဆိုက်ရောက်သည့် Terminal 1 တို့တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်