Skip to main content

မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းလာကြသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် ဧပြီ ၈

 ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ် ၉ ရက်မှစ၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသည်။

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက် မိမိသဘောဆန္ဒအလျောက်စာရင်း ပေးသွင်းလာကြသူများအနက် သင်တန်းတက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများက ဖွင့်ပွဲသို့တက်ရောက်အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) မှ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသားများအတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ကြမည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်သည်။ ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများအနေဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသူများဖြစ်ကြပြီး နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြတော့မည်ဖြစ်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ သင်တန်းသားများနှင့်တာဝန်ရှိသူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ်-

 

ကျွန်တော်တို့ ဒီပြည်သူ့ စစ်မှုထမ်းမွမ်းမံသင်တန်းစတင် ဖွင့်လှစ်မယ်ဆိုတဲ့ အခါမှာ ကျွန်တော်တို့ နည်းပြတွေစပြီးတော့စုဖွဲ့ရပါတယ်။ စုဖွဲ့ပြီးတဲ့အခါမှာ နည်းပြတွေ စနစ်တကျသင်ကြားပေးနိုင်ဖို့အတွက် မွမ်းမံသင်တန်းတွေ ဖွင့်လှစ်တယ်။ ဖွင့်လှစ်ပြီးတော့မှ သင်တန်းသားတွေနဲ့ အခုသင်ကြားပေးရမယ့် အခြေခံစစ်ရေးပြ၊ လက်နက်ငယ်ပြီးရင် ပြည်သူ့စစ်သင်တန်းမှာ သင်ကြားပေးရမယ့် ဘာသာရပ်အလိုက် နည်းပြတွေစုဖွဲ့ပြီးတော့မှ စနစ်တကျနဲ့ သင်ကြားပေးနိုင်ဖို့အတွက် အားလုံးဆောင်ရွက်ထားပါတယ်။ အရပ်သားတွေဖြစ်တဲ့အတွက် သူတို့တွေစစ်ပုံကျနမှုရှိစေရေးအတွက် ပထမဦးဆုံးသူတို့ ရောက်လာပြီဆိုတာနဲ့ ယူနီဖောင်းစတင်ဝတ်ဆင်မယ်ဆိုရင် ဖိနပ်မှအစ ဦးထုပ်အဆုံးပေါ့၊ ယူနီဖောင်းတွေစနစ်တကျ ဝတ်ဆင်ရေး၊ ဖိနပ်တွေ စနစ်တကျစီးတတ်စေရေး၊ ပြီးရင် ချပ်ဝတ်တန်ဆာပလာတွေကို စနစ်တကျနဲ့ ဝတ်ဆင်တတ်စေဖို့အတွက် နည်းပြအရာရှိ၊ နည်းပြဆရာကြီးတွေ ကြီးကြပ်ပြီးတော့မှ သူတို့ကို အသေးစိတ်သင်ကြားပြသလေ့ကျင့်ပေးခဲ့ပါတယ်ခင်ဗျာ။ သူတို့အတွက် ဒီသင်တန်းကနေပြီးတော့မှ အတွေ့အကြုံတွေအများကြီးရရှိမယ်လို့ ကျွန်တော်တို့မျှော်လင့် ပါတယ်။ ဘာတွေ ရရှိမယ်ဆိုလို့ရှိရင် အရပ်သားဘဝကနေ စစ်မှုထမ်းဘဝကို ကူးပြောင်းလာ တာဖြစ်တဲ့အတွက် နံပါတ်တစ် သူတို့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေ ကြံ့ခိုင်လာမယ်။ အဲ့ဒါပြီးရင် သူတို့တွေအသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်လာမယ်။ ဒါ့အပြင် အချိန်ကိုက် စစ်သင်တန်း ဖြစ်တဲ့အတွက် သူ့ရဲ့သက်မှတ်ချိန်အတိုင်း ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သူတို့တွေသည် အချိန်ကိုက်လုပ်ဆောင်တတ်လာမယ်။ အဲ့ဒါအပြင် မိမိတို့ဒီမှာရှိတဲ့ တစ်နေရာစီကနေလာရောက်ကြတာ၊ လာရောက်ပြီးတော့ ဒီမှာစုစည်းပြီး နေရတာဖြစ်တဲ့အတွက် သူတို့ရဲ့ညီရင်း အစ်ကိုပမာ သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေတတ်လာမယ်။ ပြီးတော့မှ ဒီကနေပြီးတော့ သူတို့တွေစိတ်ဓာတ်နဲ့ ခံယူချက်တွေမြင့်မားလာဖို့ ကျွန်တော်တို့သင်ကြားပို့ချပေးလိုက်တဲ့အခါမှာ သူတို့တွေသည် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တက်လာမယ်။ အဲ့ဒီကစပြီးတော့မှ မိမိကိုယ်ကနေမှစမိမိရဲ့ မိသားစု၊ မိမိရဲ့ မြို့ရွာ၊ မိမိရဲ့နိုင်ငံအထိ သူတို့တွေ တန်ဖိုးထားချစ်တတ်လာမယ်လို့ ထင်မြင်မိပါတယ်။

ကိုယ့်ဆန္ဒနဲ့စာရင်းသွင်းဝင်ခဲ့

ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဒီစစ်သားလုပ်ရတာကို စိတ်ဝင်စားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အဖေ၊ အမေက သဘောမတူလို့ ကျွန်တော် လျှောက်ခွင့်တောင်မရခဲ့ပါဘူး။ ခုတော့ဘွဲ့ရပြီးတော့ ကျောင်းပြီးတဲ့အချိန်မှာ ဒီစစ်မှုထမ်းဥပဒေလည်း ထွက်တဲ့အချိန်မှာ ကျွန်တော်အလွန်ဝမ်းသာစွာနဲ့ ကိုယ့်ဆန္ဒနဲ့ကျွန်တော် မြို့နယ်မှာစာရင်းသွင်းပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ပညာအရည် အချင်းကတော့ (Bachelor)ဘွဲ့ကို အမေရိက ကနေကျောင်းပြီးပါတယ်။ မဟာဘွဲ့ကိုတော့ ဥရောပမှာရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံကနေပြီးတော့ ကျောင်းပြီးထားပါတယ်။ ကျွန်တော် ဒါပြီးရင် အခွင့်အရေးပေးရင်တော့ ဗိုလ်လောင်းသင်တန်းတက်ဖို့ အစီအစဉ်ရှိပါတယ်။

နည်းပေးလမ်းပြ စံပြဖြစ်အောင်

နိုင်ငံသားတိုင်းဒီတာဝန်ကို မလွဲမသွေထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အစောဆုံးအပတ်စဉ်တွေမှာ ကျွန်တော်တို့သာ တကယ်ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ဆိုရင် နောက်လူတွေကိုလည်း နည်းပေးလမ်းပြစံပြဖြစ် အောင်နေလို့ရတယ်လို့ ကျွန်တော်တို့ခံယူလို့၊ ဒါမိဘကိုလည်း ကိုယ်တိုင်ခွင့်ပန်ပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီး ထွေ/အုပ်တွေကနေတစ်ဆင့် ကျွန်တော်တို့အကုန်လုံးကို အစီအစဉ်တကျ စနစ်တကျအတိုင်း မိမိဆန္ဒအလျောက် ဆန္ဒပြုပြီး လာခဲ့တာပါ။

ကျွန်တော်တို့ မနက်စာဆိုရင် ဒီနေ့မနက်ဆိုရင် ထမင်းကြော်၊ ကြက်ဥနဲ့ လက်ဖက်ရည်နဲ့၊ နေ့လယ်ဆိုရင် ကျွန်တော်တို့ ပုံမှန်စားနေကျဆိုရင် အသားဟင်းရယ်၊ ပဲဟင်းရယ်၊ အစိမ်းကြော်လေး တစ်မျိုးမျိုးပေါ့။ ညနေဘက်ဆိုရင်လည်း ဒီလိုပဲ အသားဟင်းတစ်ခွက်ပါမယ်၊ အစိမ်းကြော်ပါမယ်၊ တစ်ခါတစ်လေ ငါးပိထောင်းပါတယ်။ အချဉ်ဟင်းလေးဖြစ်ဖြစ်ပေါ့ အဲ့ဒီလိုမျိုး အဆင်ပြေပါတယ်။ နေရာမျိုးစုံကလာတယ်ဆိုပေမယ့် အကုန်လုံးက စနစ်တကျဖြစ်တဲ့ အတွက် အကုန်လုံးသန့်သန့်ရှင်းရှင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ စနစ်တကျနေရတယ်။ ရေ၊ မီး ဆိုလည်းအကုန်လုံး လိုအပ်သမျှ စီစဉ်ပေးထားတယ်။ အကုန်လုံး ကျွန်တော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ်ခင်ဗျာ။ ။