Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) သင်တန်းသားများ ဆောင်ရွက်မှု ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၇

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) သို့ ရောက်ရှိပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လျက်ရှိသည့် သင်ကြား၊ သင်ယူမှုနှင့် လက်တွေ့ကျွမ်းကျင်မှုမွမ်းမံသင်တန်း၏ နောက်ဆုံးနေ့တွင် သင်တန်းသားများ၏ ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် သင်တန်းသားများ၏ အဖွဲ့လိုက်ဆွေးနွေးတင်ပြမှုများနှင့် အီလက်ထရောနစ်အင်ဂျင်နီယာဌာနတွင် သင်တန်းသားများက ကွန်ပျူတာဒီဇိုင်းရေးဆွဲကာ တည်ဆောက်ထားသည့် ဆားကစ်များကို ကြည့်ရှုအားပေးကာ လျှပ်စစ်သီအိုရီပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုကို လက်တွေ့ကျကျ အသုံးချ ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အခြားအင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများတွင် သင်တန်းသားများ၏ တစ်ဦးချင်းနှင့် အဖွဲ့လိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဆောင်ရွက်လျက်ရှိသော သုတေသနများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်၍ နိုင်ငံတော် GDP မြှင့်တင်နိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးမှ ဒေသထွက်တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများနှင့် MSMEs ကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် လိုအပ်သော ကျွမ်းကျင်နည်းပညာရှင်များ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ပျိုးထောင်ရာ၌ ဒေသတွင်းအခြားနိုင်ငံများမှ ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်စေရေးနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေရေးတို့အတွက် ဆရာ ဆရာမများသည် နည်းပညာ အရည်အသွေးများပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ခေတ်မီနည်းပညာများကို စံနှုန်းများနှင့်အညီ လေ့ကျင့်ပေးနိုင်သည့် ရပ်ဝန်းကောင်းများကို ထိရောက်ပီပြင်စွာ ဖန်တီးပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ဒုတိယဝန်ကြီးက ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တွင် ၂၀၁၁ ခုနှစ်မှစတင်၍ ဌာနခုနစ်ခုမှ သင်ကြားသင်ယူမှု၊ လက်တွေ့ကျွမ်းကျင်မှုနှင့် နည်းပညာစွမ်းရည်မြှင့်တင်ရေးသင်တန်း ၄၅ ခုကို ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းဆင်းဦးရေ ၉၆၃၅ ဦးအနက် ၂၀၂၁ ခုနှစ်မှ လက်ရှိကာလအထိ သင်တန်းဆင်းဦးရေ ၄၆၇၇ ဦး ရှိကြောင်း သိရသည်။

သတင်းစဉ်