နေပြည်တော် စက်တင်ဘာ ၅
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် ကမ္ဘာအရပ်ရပ်မှ မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ပနားမားနိုင်ငံမှ ၂၇ ဦး၊ အီဂျစ်မှ လေးဦး၊ ဘရာဇီးမှ ၂၄ ဦး၊ အင်ဒိုနီးရှားမှ ကိုးဦး၊ ဂါနာမှ ကိုးဦး၊ တူရကီမှ ၁၁ ဦး၊ မလေးရှားမှ တစ်ဦး၊ နယ်သာလန်မှ ငါးဦး၊ မက္ကဆီကိုမှ တစ်ဦး၊ ကိုရီးယားမှ ၄၅ ဦး စုစုပေါင်း မြန်မာသင်္ဘောသား ၁၃၆ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေးနှင့် ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက် ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်