ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ အချို့သောတေးသီချင်း ဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာအစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက ၁၃-၁-၂၀၂၄ ရက်နေ့တွင် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ပါသည်။
ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၁၃-၃-၂၀၂၄ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် “ဘီယာ ဗိုက်”အမည်ဖြင့် အရှက်သိက္ခာကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသ သရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားရှိပြီးဖြစ်ပါသည်။
သို့ပါ၍ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရား ကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန