Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု (၂၀၂၄) သို့ တက်ရောက်ဆွေးနွေးမှာကြား

နေပြည်တော် ဧပြီ ၅

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ “အမြဲမပြတ် လေ့လာသင်ယူရေးလှုပ်ရှားမှု - ၂၀၂၄ (Never Stop Learning Campaign -2024)” “သူ့ကျွန်မခံပြီ ဂန္ထဝင်ဝတ္ထုကြီးအား လေ့လာဖတ်ရှုဆွေးနွေးပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်ဆွေးနွေးပြောကြားသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သည့် Never Stop Learning Campaign – 2024 နှင့်အညီ လူတိုင်းသည် စာပေလေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုရန်၊ အသိပညာဗဟုသုတပြည့်ဝရန် လိုအပ်ကြောင်း၊ စာအုပ်စာစောင်များမှ ရရှိသည့်အတွေ့အကြုံ၊ ဗဟုသုတများသည် ဘဝအတွက် အဓိကကျကြောင်း၊ ဖတ်သည့်စာများမှာလည်း မိမိအတွက် အကျိုးရှိမည့် စာပေများဖြစ်ရန်လိုကြောင်း၊ ပြန်ကြားပေးရန်၊ အသိပညာပေးရန်စသည့် ရည်မှန်းချက်များဖြင့် အဓိကတာဝန်ထမ်းဆောင်နေကြသည့် မိမိတို့ဝန်ထမ်းများသည် အခြားသူများထက် ပိုမိုလေ့လာဖတ်ရှု သိရှိထားကြရန်လိုကြောင်း။

ဝန်ထမ်းအများစုမှာ စာဖတ်သည့်အလေ့အထနည်းလာသဖြင့် စာဖတ်ဖြစ်အောင်၊ လေ့လာဖြစ် အောင် ယခုကဲ့သို့ အမြဲမပြတ် လေ့လာသင်ယူရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရုံးချုပ်သာမက တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၌ ယခုကဲ့သို့ စာပေလေ့လာဖတ်ရှုဆွေးနွေးပွဲများ အဆက်မပြတ်လုပ်သွားခြင်းဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတနှင့် စွမ်းဆောင်ရည်မြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိလေ့လာဖတ်ရှုသိရှိပြီးဖြစ်သည့် အသိပညာဗဟုသုတများကိုလည်း အခြားသူများကို မျှဝေပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲခေါင်းစဉ်နှင့်အညီ Life Long Learning ဆိုသည့်အတိုင်း အသက်ရှင်နေသရွေ့ လေ့လာသင်ယူသွားကြရန်နှင့် မိမိကိုယ်တိုင်၊ မိမိဌာနနှင့် နိုင်ငံအကျိုးကို ပိုမိုထိရောက် အောင်မြင်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများအား စာပေလေ့လာဖတ်ရှုမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ကိန်းအောင်လာစေရန်အတွက် သူ့ကျွန်မခံပြီ၊ ငဩ၊ အညတြ၊ ရဲဘော်အောင်ဒင်၊ မြန်မာပြည်သား၊ သေသော်မှတည့် ဪကောင်း၏၊ အင်ကြင်းရဂုံစသည့် ဂန္ထဝင်စာအုပ်များကို တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများအားလုံး ဖတ်ရှုလေ့လာစေ၍ စာဖတ်ဝိုင်းများ ပြုလုပ်ကာ ပြန်လည်ဆွေးနွေး မျှဝေစေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်