နေပြည်တော် ဧပြီ ၅
CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်းနှင့် ရန်ကုန် - မန္တလေးလမ်းမကြီးလမ်းထောင့်ရှိ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ကယ် ၁ စီးဖြင့် ကျွဲဆည်ကန် (၁) လမ်းအတိုင်း အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်ပြီး မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်းနှင့် ရန်ကုန် - မန္တလေးလမ်းကြီးလမ်းထောင့်ရှိ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်းသို့ လက်လုပ်မိုင်းဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရုံးအတွင်းရှိ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ဝန်ထမ်း ၄ ဦးနှင့် ဒေသခံပြည်သူ ၅ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ ဗုံးစထိမှန်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံ့အကျိုး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကောင်းများနှင့် အပြစ်မဲ့ပြည်သူများကို ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်နေမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာကွယ်သွားကြရန် သတင်းထုတ်ပြန်အပ်ပါသည်။