Skip to main content

ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) သို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဧပြီ ၅

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) သို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မိသားစုများ၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် တစ်နေ့တာ အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) ရှိ သုခါဝါသအောင်စစ်သည်ဓမ္မာရုံ၌ ပြုလုပ်ရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) စောင့်ရှောက်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်နှစ်ဆယ့်ငါးသိန်းအားလည်းကောင်း၊ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၃၇) ကျောင်းဆင်းအရာရှိမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်ဆယ်သိန်းအားလည်းကောင်း၊ အလှူရှင် ဦးသီဟမိသားစုက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာအားလည်းကောင်း၊ တော်ဝင်သန့်ကုမ္ပဏီလီမိတက်က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းသုံးဆယ်အားလည်းကောင်း၊ အလှူရှင် ဒေါ်သက်ထားရွှေစင်မိသားစုက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းသုံးဆယ်အား လည်းကောင်း၊ သရဝဏ်ဖြိုးကုမ္ပဏီလီမီတက်က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း သုံးဆယ်အားလည်းကောင်း၊ Diamond Wall Co.,ltd က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းနှစ်ဆယ်အားလည်းကောင်း အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် အလှူရှင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်) သို့ လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားပြီး ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မိသားစုများက ဘိုးဘွားများအတွက် တစ်နေ့တာအာဟာရကျွေးမွေးလှူဒါန်းနေမှုအား တိုင်းမှူးနှင့် အလှူရှင်များက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။