နေပြည်တော် ဧပြီ ၅
CRPHI NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီလ ၄ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း အေးချမ်းစွာခရီးသွားလာနေသော ခရီးသည်တင်ယာဉ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ မှ ရေးမြို့သို့ ပြေးဆွဲနေသော ယာဉ်မောင်း ဦးဇေယျာလင်း မောင်းနှင်သည့် အောင်ကျော်မိုး ခရီးသည်တင်ယာဉ်သည် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ထွက်ခွာလာစဉ် ဧပြီ ၄ ရက် ည ၉ နာရီခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းပိုင်း မိုင်တိုင်အမှတ် ၁၃၁/၁နှင့် ၁၃၁/၂ ကြားနေရာသို့ အရောက်၌ CRPHI NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက သထုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
CRPHI NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေနိုင်သည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများကလည်း ၎င်းတို့၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ် အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။