Skip to main content

မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၂၉ ဦးကို ပြစ်ဒဏ် မှ လွတ်ငြိမ်းသက်သာခွင့်ပြု

မန္တလေး စက်တင်ဘာ ၅

မန္တလေးဗဟိုအကျဉ်းထောင်မှ ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင့်ခဲ့ကြသည့် အကျဉ်းသား ကျောင်း သား ကျောင်းသူ ၂၉ ဦးအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် လွတ်ငြိမ်း သက်သာ ခွင့်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါအကျဉ်းထောင် ဓမ္မာရုံ၌ ကျင်း ပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး အောင်မြေသာစံမြို့နယ် ပညာရေးမှူး ဒေါက်တာ စမ်းပပကျော် နှင့် ကျောင်းပရဟိတ အကျိုးတော်ဆောင် ဒေါက်တာ သိန်းဇော် တို့က သြဝါဒ စကားများ ပြောကြားကြသည်။

ထို့နောက် မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော် က လွတ်မြောက်သွားသည့် အကျဉ်းသား ကျောင်းသားကျောင်းသူ ၂၉ ဦး တို့အား လွတ်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကို ပေးအပ်သည်။

ယနေ့တွင် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်သည့် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာသည့် မန္တ‌လေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ကျောင်းသားကျောင်း သူ ၂၉ ဦးမှာ ကျား၂၃ ဦးနှင့် မ ၆ ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အနက် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် တွင် နှစ်ဘာသာ ဂုဏ်ထူးရှင် ကျားတစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် မ နှစ်ဦးနှင့် ရိုးရိုး အောင်မြင်သူ ကျား ငါး ဦး စုစုပေါင်း ရှစ်ဦးနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သုံးဘာသာ ဂုဏ်ထူးရှင် ကျား ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ကျား ၁၁ ဦးနှင့် မ သုံးဦး၊ တစ်ဘာ သာဂုဏ်ထူးရှင် ကျား တစ်ဦးနှင့် မ တစ်ဦး စုစုပေါင်း ၂၁ ဦးတို့ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် မန္တလေးဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က “ပညာတစ်ပိုင်းတစ်စနဲ့ ဘဝကိုရုန်းကန်ရင်း မထင်မှတ်တဲ့ အမှားအယွင်း တွေကြောင့် ထောင်ထဲရောက်လာတဲ့လူငယ်တွေကို ပညာ ဆက်လက်သင်ယူနိုင်ဖို့ ကျွန်တော်တို့နဲ့ ဆရာ၊ ဆရာမတွေ အားလုံးက အားပေးကူညီ ခဲ့ကြသလို သူတို့ကလည်း အများကြီး ကြိုးစားအားထုတ်ခဲ့ကြတဲ့အတွက် အခုလို အောင်မြင်မှု အသီးအပွင့် တွေခံ စားရတာပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံး သူတို့ အောင်မြင်မှုတွေအတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်၊ ကျွန်တော်တို့လိုလူကြီးတွေက ဘဝ ကို ကြိုးစားနေတဲ့လူငယ်တွေ လမ်းမှား ကို မရောက်သွားဖို့ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပြုပြင်ပြီး လက်တွဲ ခေါ်ယူသွားကြဖို့ တိုက် တွန်းချင်ပါတယ်”ဟု ပြောသည်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီ၊ သမိုင်း နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ကာ ပြန်လည်လွတ်မြောက်လာသူ မခိုင်မေဦးက “ထောင်ပိုင် ကြီးနဲ့ ဆရာ၊ ဆရာမ တွေ ကျေးဇူးကြောင့် အခုလို ထူးချွန်စွာ အောင်မြင် မှုရခဲ့တာပါ။ မိသားစုက ဝန်ထမ်း တွေဖြစ်တဲ့အတွက် ဝန်ထမ်းပဲလုပ်ဖြစ်သွားမှာပါ၊ အပြစ်ဒဏ် ၁၂ နှစ်ကျပေမယ့် သုံးနှစ် ကျော်ပဲနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့အတွက် အများ ကြီး ဝမ်းသာပါ တယ်။ အခုလို ဂုဏ်ပြုချီးမြှင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ သင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ ရှေ့ဆက်ပြီးဘဝကို ကောင်းမွန်စွာ ဖြတ်သန်းသွားပါမယ်” ဟုပြောသည်။

မန္တလေးဗဟို အကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲများတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ဖြေဆိုသူ  ၇၀ ဦး အနက် ၄၂ ဦးအောင်မြင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ဖြေဆိုသူ ၆၉ ဦးအနက် အောင်မြင်သူ ၄၈ ဦးရှိခဲ့ကာ ယနေ့တွင် လွတ်ငြိမ်းသက်သာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဦးရေမှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ရှစ်ဦးနှင့် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်မှ ၂၁ ဦး စုစုပေါင်း ၂၉ ဦးဖြစ်သည်။ 

ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးမှ နိုင်ငံ တော်က ဂုဏ်ပြုချီးမြှင့်သည့် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အကျဉ်း သား၊ အကျဉ်းသူ ၅၅ ဦးပြန်လည် လွတ်မြောက်ခဲ့သည့်အပြင် ၃၈ ဦးမှာ လျှော့ရက်များ ခံစားရကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)