နေပြည်တော် ဧပြီ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိစစ်ဆေးသည်။
စစ်ဆေးစဉ် အဆောက်အအုံနှင့် ဌာနပိုင်ပစ္စည်းများ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ကျရောက်လာပါက လိုအပ်သည့်နေရာများသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ပေးနိုင်ရေး၊ ဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေး လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးရန်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ ပျက်စီး၊ ပျောက်ဆုံး၊ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သက်တမ်းပြည့် သိုလှောင်ထားရှိနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ငူခရိုင် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးများ၏ သင်ယူရန်နေရာများ၊ ကစားကွင်းနေရာများ၊ ချက်ပြုတ်ကျွေးမွေးရာနေရာများ၊ ကျန်းမာရေးနှင့် အညီစောင့်ရှောက်ထားရှိမှု အခြေအနေများနှင့် ရေအိမ်သုံးစွဲရာနေရာများကို ကြည့်ရှုစစ်ဆေး၍ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၌ ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တောင်ငူခရိုင်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုး၊ ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးမှု အခြေအနေများကို စနစ်တကျလုပ်ကိုင်ရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းသို့ သွားရောက်ပြီး သက်မွေးသင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှု၊ သင်တန်းအမျိုးအစားအလိုက် သင်တန်းသား သင်တန်းသူများက ဘဝရပ်တည်နိုင်ရေးအတွက် အကျိုးရှိစွာအသုံးချနိုင်ရေး၊ သင်တန်းသားအရေအတွက် တိုးမြှင့်သင်ကြားပေးနိုင်ရေး၊ သင်ကြားပို့ချပေးသော ဘာသာရပ်များသည် ခေတ်နှင့်အညီဆန်းသစ်တီထွင်သည့် အိမ်တွင်းမှုဘာသာရပ်များ သင်ကြားပေးနိုင်ရေးနှင့် သင်တန်းပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ရုံးများမှဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သိကောင်းစရာများကိုထပ်ဆင့် ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်