Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

နေပြည်တော် ဧပြီ ၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာ မျှဝေခြင်းအစီအစဉ် Knowledge Sharing Program အရ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များနှင့် ပြည်တွင်း ဥပဒေများ (International Human Rights Treaties And Domestic Laws)” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံး Conference Room ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ယခုဆွေးနွေးမည့် ခေါင်းစဉ်သည် လူ့အခွင့်အရေးကို မြှင့်တင်ပညာပေးမှုနှင့် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များနှင့် ပြည်တွင်းဥပဒေများ၏ ဆက်နွှယ်ဖြစ်ပေါ်မှုကို သိရှိထားရန် အရေးကြီးပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီးသည် မျက်မှောက်ခေတ်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်ကြီးများ၏ မြစ်ဖျားခံရာဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာကာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ယင်းနှစ်မှာပင် ပါဝင်အတည်ပြုပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ယင်းကြေညာစာတမ်းပါ အခွင့်အရေးများကို နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ထို့နောက်ပိုင်းတွင် စည်းနှောင်အားရှိသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်ကြီးများ ရေးဆွဲခဲ့ကြရာ ယခုအခါ အဓိကကျသော စာချုပ်ကြီး(၉)ရပ် ရှိလာပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အဓိကစာချုပ်ကြီး(၄)ခုနှင့် နောက်ဆက်တွဲစာချုပ်(၂)ခုတို့တွင် ပါဝင်ထားကြောင်း၊ လိုက်လျောညီထွေသည့် ပြည်တွင်းဥပဒေများကိုလည်း ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များကို ပါဝင်အတည်ပြုရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်လုံခြုံရေး၊ ပကတိအခြေအနေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံစသည်များကို နိုင်ငံတော်အနေဖြင့် ထည့်သွင်းသုံးသပ်ဆောင်ရွက်ရကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များအပိုင်းသာမက ပြည်တွင်းဥပဒေများတွင်ပါ အခွင့်အရေးနှင့် နစ်နာမှုများကို ကုစားသည့်နည်းလမ်းများ ပါဝင်လေ့ရှိကြောင်း၊ ယနေ့ပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲသည် အဆိုပါဗဟုသုတများသာမက ကော်မရှင်အနေဖြင့် ဆောင်ရွက်သွားသင့်သည့် အစီအမံများအတွက် အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်နှင့် ဒေါက်တာ မြင့်သူမြိုင်တို့က “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များနှင့် ပြည်တွင်းဥပဒေများ (International Human Rights Treaties And Domestic Laws)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များပါ အထွေထွေပြဋ္ဌာန်းချက်များ၊ နစ်နာဆုံးရှုံးမှုများအတွက် ကုစားနိုင်သော ဖော်ပြချက်များ၊ ပြည်တွင်းဥပဒေများတွင် ရာဇဝတ်ကြောင်း၊ တရားမကြောင်းတို့အရ ကုစားခွင့်ပေးထားပုံများ၊ တရားမျှတမှုနှင့် သာတူညီမျှမှုကို ဦးတည်ဆောင်ရွက်ချက်များ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ခွင့်၊ ကုစားခွင့်ပေးထားပုံများ၊ အခြားသော ပြည်တွင်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်၊ ကုစားမှုပေးထားပုံများကို အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်နှင့် ဒေါက်တာမြင့်သူမြိုင်တို့က ပြန်လည်ဖြေကြားသည်။

ဆွေးနွေးဟောပြောပွဲသို့ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်