နေပြည်တော် ဧပြီ ၃
နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အခြေခံမူများ၊ လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များဖြင့် နိုင်ငံအတွင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ သွေးသန့်သွေးလှူရှင် စုဆောင်းခြင်းနှင့် သွေးလှူဒါန်းခြင်း၊ ကျန်းမာရေးမြှင့်တင်ပေးခြင်းနှင့် ကိုယ်ခန္ဓာပြန်လည် သန်စွမ်းရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကြက်ခြေနီအသိပညာ ပြန့်ပွားခြင်းတို့ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း။
ရှေးဦးပြုစုခြင်းအတတ်ပညာသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်သူများကို ဆေးရုံဆေးပေးခန်းမရောက်မီ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သောသူများထံမရောက်မီ လူနာကိုစနစ်တကျ ဆောလျင်စွာ၊ ချက်ချင်းရှေးဦးပြုစုပေးပြီး ရုပ်ပိုင်းဆိုင်ရာ ပြုစုပေးခြင်းအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ပြုစုဆောင်ရွက်ရသည့် အတတ်ပညာဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချပေးသည့် ရှေးဦးပြုစုခြင်းအတတ်ပညာရပ်နှင့် လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်သူလူထုကို ကြက်ခြေနီစေတနာ့လုပ်အားရှင်များအဖြစ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသူများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
အဆိုပါသင်တန်းကို ဧပြီ ၃ ရက်မှ ၅ ရက်အထိ သင်တန်းသား သင်တန်းသူ ၆၀ အား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်