Skip to main content

ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဧပြီ ၃

ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ Hybrid အစီအစဉ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ချည်မျှင်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဝါစိုက်ပျိုးသူများ၊ ဝါကြိတ်စက်လုပ်ငန်းရှင်များ၊ ဝါကုန်ကြမ်းတင်ပို့ရောင်းချခြင်းနှင့် ချည်ကုန်ချော တင်သွင်းသည့်လုပ်ငန်းရှင်များ၊ ချည်မျှင်နှင့်အထည် လုပ်ငန်းရှင်များ၊ အထည်ချုပ်လုပ်ငန်းရှင်များ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် တိုင်းပြည်စီးပွားရေး ကောင်းမွန်တိုးတက်လာစေရန်၊ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်စေရန်၊ ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်စက်ကိရိယာများ ဖြည့်တင်းနိုင်စေရန်၊ ထွက်ရှိလာသည့်ဝါများ အဆင့်မြင့်ချည်ချောများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရေးဆောင်ရွက်ပေးရန်၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် လိုအပ်သည့်သွင်းအားစု၊ ငွေကြေး၊ နည်းပညာ၊ စျေးကွက်၊ လူ့စွမ်းအားအရင်း အမြစ်၊ သုတေသနဖွံ့ဖြိုးရေးနှင့် ဆန်းသစ်တီထွင်မှုများ စသည့်ကဏ္ဍများအတွက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံ (Action Plan) တစ်ခုရေးဆွဲအကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

ယခုဆွေးနွေးပွဲသို့ တက်ရောက်သည့် ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၏ အတွေ့အကြုံများနှင့် လုပ်ငန်းရှင်များက တင်ပြဆွေးနွေးချက်များအပေါ်မူတည်ပြီး ဝါစိုက်ပျိုး ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မည့် အစီအမံတစ်ခုကို အောင်မြင်စွာဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဝါထုတ်လုပ်မှုနှင့် အထည်အလိပ်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖြစ်ပေါ်နေသော အခက်အခဲများနှင့် လိုအပ်ချက်များကိုဖော်ထုတ်ပြီး ရရှိလာသော လုပ်ငန်းဆောင်ရွက်မည့် အစီအမံအလိုက် ဆောင်ရွက်ရမည့်အချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ကိုခံယူပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပညာရှင်များ၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ဝါသီးနှံစိုက်ပျိုးမှု တိုးတက်ရေးဆောင်ရွက်နေမှု၊ အရည်အသွေးမြင့် ဝါများ ထွက်ရှိရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနေမှု၊ ဝါစိုက်တောင်သူအစုအဖွဲ့ ဖွဲ့စည်းရေး၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်သည့် ဝါမျိုးစေ့ရရှိရေး၊ စိုက်ပျိုးနည်း စနစ်များနှင့်ပတ်သက်၍ အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရေး၊ ဝါဈေးကွက် တည်ငြိမ်ရေး၊ ချည်အရည်အသွေးကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များ လိုအပ်မှု၊ အပင်ရှင်သန်ကြီးထွားရေးအတွက် စိုက်နည်းစနစ်၊ ရေပေးဝေရေး၊ ဓာတ်မြေဩဇာများအား အချိန်ကိုက်ပေးနိုင်ရေး၊ ဝါခူးဆွတ်သည့်နည်းလမ်း၊ ဝါကြိတ်စက်များ၏ အရည်အသွေးကောင်းမွန်ရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ရေး၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဝါစေ့ဆီထုတ်လုပ်သည့်လုပ်ငန်း များဆောင်ရွက်နေမှု၊ မူပိုင်ခွင့်ရရှိရေး၊ ချေးငွေရရှိရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မည့်အစီအမံများ ရေးဆွဲနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးပွဲမှ ရရှိလာသည့်ရလဒ်များအပေါ် တစ်ချက်ချင်းဆောင်ရွက်ရမည့် အစီအမံများကို သုံးသပ်ညှိနှိုင်းဆွေးနွေး၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်