Skip to main content

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၃

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ နှစ်ကြိမ်သွားရောက်၍ ရင်းနှီးတည်ဆောက်သူ၊ ရင်းနှီးမြှုပ်နှံသူများနှင့် One Stop Service Center မှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိလုပ်ငန်းများမှ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးနှင့် ဆက်စပ်လုပ်ကိုင်ရမည့်လုပ်ငန်းများကို ဌာနအလိုက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သီလဝါအထူးစီးပွားရေးဇုန်၏ ဂုဏ်သတင်းကို ဆက်လက်ထိန်းထားရန်၊ စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာရေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းမှာကြားခဲ့ကြောင်း၊၊

အလားတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့မှ ဝန်ထမ်းများကိုလည်းတွေ့ဆုံခဲ့ကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဇုန်အလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများက လုပ်ငန်းများအောင်မြင်စေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းအလိုက် ဆောင်ရွက်ပြီးစီးမှုများ ပြန်လည်သုံးသပ်ရေးနှင့် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီလုပ်ငန်းအချို့သည် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) မှ ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ် ပိုမိုသုံးစွဲနေကြသည်ကိုတွေ့ရသဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ကုမ္ပဏီများ နိုင်ငံခြားငွေနှင့် ပေးချေဆောင်ရွက်ရာတွင် လက်ရှိမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသည့် AD ဘဏ်များတွင် ဝယ်ယူပြီး လွှဲပြောင်းမှုအခြေအနေများနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ အပတ်စဉ် အမှာစာတင်ပြမှု အခြေအနေများကိုလည်းကောင်း၊ သီလဝါဇုန်တွင် ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန်ကုန်သွယ်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၊ သီလဝါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှု ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူးက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်