နေပြည်တော် ဧပြီ ၃
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ အခန်း(၁)၊ ပုဒ်မ ၂(ခ)တွင်လည်း စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်းဟူ၍ ပြဋ္ဌာန်းထားသည့်အတွက် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းဆောင်ရန်ဖမ်းဆီးသည်ဟု ဖော်ပြနေခြင်းမှာ ကောလာဟလ သတင်းမှားသာဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ကောလာဟလသတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဝါဒဖြန့်လှုံဆော်နေခြင်းသာဖြစ်ကြောင်းနှင့် ပြည်သူ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ https://mod.gov.mm/node/74 တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။