Skip to main content

တရားမဝင် စက်သုံးဆီများ၊ ကျောက်စိမ်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ် အောက်ကိုင်းကျေးရွာ၌ တရားမဝင်စက်သုံးဆီဓာတ်ဆီ ဂါလန် ၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀) နှင့် မင်းတုန်းမြို့နယ် ညောင်ကြပ် ကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၂၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၄၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Luojia 110 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၀၀၀၀)တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ အရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၈၉၄၀၀ ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိ သည်။

ထို့အတူ ဧပြီ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမှနောင်ချိုသို့ သွားရောက်မည့် ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်လက်ကောက်ကွင်း (အချော)ဆိုဒ်စုံ ကီလိုဂရမ် ၆၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Toyota Crown တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ စစ်ကိုင်း တံတား နှာပေါက်အနီး၌ ဆီသယ် ယာဉ်နှစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ (92 Ron) ၁၅၃၉၈ ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၉၁၅၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီး၊ Chenglong Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲ ယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁၁၅၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန်များဖြစ်သည့် ကြက်သားတုံး ၃၂၈၈ထုပ်၊ ANJOY တံဆိပ်ပါအသားလုံး ၇၂၈ ထုပ် အပါအဝင် စားသောက်ကုန်ပစ္စည်း ၁၈ မျိုးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၇၉၆၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁ ရက်နှင့် ၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၆၆၃၅၄၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်