နေပြည်တော် ဧပြီ ၂
အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) ကိုကျင်းပရာ လာအိုနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားပြီး လာအိုနိုင်ငံဗဟိုဘဏ်မှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အကျဉ်းချုပ်အချက်အလက်များကို ရှင်းလင်းတင်ပြရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs)များ ဘဏ္ဍာငွေဖြည့်ဆည်းရေးအတွက် လိုအပ်ချက်များကို အဓိကထားဆွေးနွေးကြသည်။
ယင်းနောက် ငွေလုံးငွေရင်းစာရင်း လွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization- CAL)၊ အာဆီယံဘဏ်လုပ်ငန်းပေါင်းစည်းရေးမူဘောင် (ASEAN Banking Integration Framework- ABIF)၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion - FINC)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများလွတ်လပ်ခွင့်ပြုရေး (Financial Services Liberalization - FSL)၊ စသည့် လုပ်ငန်းကော်မတီများ၏ နောက်ဆုံးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဘဏ္ဍာရေးအစီအစဉ်များ၊ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement-ASA)၊ အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များအား မျှဝေခြင်းအစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform-CRISP) တို့နှင့်စပ်လျဉ်းသည့် အခြေအနေများကို အာဆီယံအဆင့်မြင့်ကော်မတီ၏ သဘာပတိက ရှင်းလင်းတင်ပြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများ ပြုခဲ့ကြသည်။
ထို့နောက် လာအိုနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ဆက်လက်ကျင်းပရာ AFCDM ၏ ပူးတွဲသဘာပတိများက အဖွင့်အမှာစကားပြောကြားကြသည်။
ဆက်လက်၍ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်သက်ဆိုင်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Cooperation-AEC) စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အေအီးစီလမ်းပြမြေပုံ ၂၀၂၅ (AEC Blueprint 2025) အပေါ် တိုးတက်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာမျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် ၂၀၂၄ အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းမှု စောင့်ကြည့်လေ့လာရေးအစီရင် ခံစာ (2024 ASEAN Financial Integration Monitoring Report-AFIMR) နှင့်စပ်လျဉ်း၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆွေးနွေး တင်ပြသည်။
ယင်းနောက် အာဆီယံလုပ်ငန်းကော်မတီများနှင့် အာဆီယံငွေရေး ကြေးရေးပေါင်းစည်းရေး အဆင့်မြင့်လုပ်ငန်းကော်မတီ (Senior Level Committee-SLC on ASEAN Financial Integration) တို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီအသီးသီးတို့၏ ပူးတွဲသဘာပတိများက ရှင်းလင်းတင်ပြရာ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက လမ်းညွှန်မှုများပြုခဲ့ကြသည်။
ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (11th AFMGM) သို့တင်ပြမည့် ပူးတွဲကြေညာချက်မူကြမ်းနှင့် အစီအစဉ်မူကြမ်းတို့ကို အပြီးသတ်ဆွေးနွေးအတည်ပြုကြပြီး အစည်းအဝေး၏ ပူးတွဲသဘာပတိများက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်