ရန်ကုန် ဧပြီ ၁
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး U - 25 ဘောလုံးပြိုင်ပွဲ (အမျိုးသား) တံခွန်စိုက်ဆုရ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းနှင့် MFF Fit Futsal League (II) 2023 ချန်ပီယံဆုရ YRG FC ဘောလုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ U - 25 အမျိုးသားဘောလုံးအသင်းနှင့် YRG FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် အကောင်းဆုံးကစားကွက်များ မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဂုဏ်ပြုအပ်ပါကြောင်း၊ အောင်မြင်မှုကို ရပ်တန့်မနေဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ရန်ကုန်တိုင်းဒေသကြီး U-25 အမျိုးသားဘောလုံးအသင်းနှင့် MFF Fit Futsal League(II) 2023 ချန်ပီယံဆုရ YRG FC ဘောလုံး အသင်းတို့က တံခွန်စိုက်ချန်ပီယံဆုဖလားများကို အပ်နှံကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုရဘောလုံးအသင်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဘောလုံးအသင်းအုပ်ချုပ်သူများက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး ကျေးဇူးတင်စကားပြောကြားသည်။
သတင်းစဉ်