Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မန္တလေး ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းနည်းပြ၊ ကြီးကြပ်နှင့် သင်တန်းသား ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပညာရေးအလေးထားဆောင်ရွက်နေ

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်က နိုင်ငံသားတိုင်း စာတတ်မြောက်ရေး၊ အတန်းပညာ တတ်မြောက်ရေးစသည့် ပညာရေးဆိုင်ရာများကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေပြည်သူများ၏ စာတတ်မြောက်မှု ကွာခြားချက်နည်းနိုင်သမျှနည်းအောင် စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်တွင် ယခင် “အ” သုံးလုံးကျေ သင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို အခြေခံပညာ ဆရာ ဆရာမ များ၊ တက္ကသိုလ်များမှ စေတနာရှင် ကျောင်းသား ကျောင်းသူများ၊ ပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပညာတတ်များက နိုင်ငံတစ်ဝန်း အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ဗဟိုအဆင့် တက်ရောက်ခဲ့သည့် နည်းပြများက ပြန်လည်ပို့ချပေးမည်ဖြစ်ကြောင်း။

ဖုန်းနှင့် သင်ယူမှုပြုလုပ်နိုင်စေရန်

စာသင်ဝိုင်းများတွင် အပြည့်အဝပြန်လည်ပို့ချနိုင်အောင် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြရမည်ဖြစ် ကြောင်း၊ “ဝ ၊ ထ ၊ က ၊ လ ၊ သ” Mobile Application အသုံးပြုသင်ကြားနည်းစနစ်ကို စာသင်သားများ ကိုယ်တိုင်ဖုန်းနှင့် သင်ယူမှုပြုလုပ်နိုင်စေရန် ရှင်းလင်းပို့ချသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က စာသင်သားသုံး စာအုပ်များ၊ စာရေးကိရိယာများ၊ စာသင်ဝိုင်းသုံး ထောက်ပံ့ပစ္စည်းများကို စာသင်ဝိုင်းများအတွက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်အောင် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာတတ်မြောက်ရေး အသိပညာပေးဇာတ်လမ်း Video Clip ကို ကြည့်ရှုပြီး သင်တန်းနည်းပြများ၊ ကြီးကြပ်ရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးခဲ့ကြောင်းနှင့် နည်းပြသင်တန်းကို ဧပြီ ၃ ရက်အထိ ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်