နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့်ဇနီး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဆန်းမြင့်နှင့်ဇနီး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်နှင့်ဇနီး၊ ဦးစိုးတင့်နှင့်ဇနီး၊ သူရဦးဘိုနီနှင့်ဇနီး၊ ဦးကျော်မျိုးထွဋ်နှင့်ဇနီး၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ နိုင်ငံတော်အစိုးရမှချီးမြှင့်အပ်နှင်းသည့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ အငြိမ်းစား အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ပျော်ပွဲရွှင်ပွဲများ ကျင်းပ
ထို့နောက် အဖွဲ့ဝင်များက ဝန်ထမ်းလုပ်သက်နှစ် (၃၀) ပြည့်သူများ၊ အဖွဲ့အဆင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ ရေးဖြေစာမေးပွဲတွင် ဆုရရှိသူများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သည့်သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ နေပြည်တော် ဝန်ထမ်းအိမ်ခန်းသန့်ရှင်းသပ်ရပ်မှု ဆုရရှိသူများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက်ကိုင်တွယ် အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ဝန်ထမ်းအဖွဲ့များနှင့် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထောင်စုရာထူးဝန် အဖွဲ့ကိုယ်စားပြု လွန်ဆွဲ (အမျိုးသားအသင်း) တို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲဆုများချီးမြှင့်ကာ အဆိုပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးသည်။
သတင်းစဉ်