နေပြည်တော် မတ် ၃၁
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာအနီးတွင် ပိုင်စိုးမောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာရှိ ပိုင်စိုး၏ နေအိမ်နှင့် အမရပူရမြို့နယ် တောတွင်းကျေးရွာရှိ မအိအိမွန်၏ နေအိမ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ကိုလည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ မတ် ၂၄ ရက်တွင် မဟာအောင်မြေမြို့နယ်၌ မစိန် (ခ) သက်ထားကိုလည်းကောင်း၊ မတ် ၂၆ ရက်တွင် ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်၌ ဝိုင်အောင်မြင့် ကို မော်တော် ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ကျော်ရဲသူကို ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းကျေးရွာသွားလမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ဂေါ်ယုံဆင်းကို ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၄ လမ်း၊ ၁၀၉ (B)နှင့် ၁၁၀ လမ်းကြားရှိ၎င်း၏ နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ ပြီး(အောက်ပုံ) ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ မတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ဝိုင်အောင်မြင့် ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည် ကုန်းရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်