တောင်ကြီး မတ် ၃၁
ရှမ်းပြည်နယ် တောင်ကြီးမြို့ T.B.C စီးပွားရေးဇုန်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်းရှိ ကော်ဖီသီးစို အခြောက်ခံနေမှု၊ ခွဲခြမ်းသန့်စင်မှုနှင့် ထုပ်ပိုးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ပပို့ကုန် ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် လွိုင်လင်၊ ဟိုပုံး၊ မိုင်းပွန်ဒေသမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများ၏ ကော်ဖီသီးနှံများကို အသင်းသားအကျိုးမြတ်ရရှိစေရေးနှင့် ပြည်ပပို့ကုန်လျာထားချက် ပြည့်မီအောင် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါအသင်းတွင် အသင်းသား ၉၁၈ ဦးရှိပြီး ယခင်နှစ် ကော်ဖီရာသီတွင် ကော်ဖီတန်ချိန် ၁၅၆ ဒသမ ၇ တန် ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်