Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာစည်သူကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်းများ၊ အမှုထမ်းများ နေထိုင်ရာ ဝန်ထမ်းအိမ်ရာများတွင် စည်းကမ်းများနှင့်အညီ နေထိုင်မှုရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် အိမ်ရာကြီးကြပ်သူတိုက်တာဝန်ခံများ၊ နေထိုင်သူဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရန်၊ တိုက်ဝန်းကျင်ရှိ သစ်ပင်များကို အလင်းဖွင့်ရန်၊ လျှပ်စစ်အန္တရာယ်မရှိစေရေး အလေးထားသုံးစွဲရန်၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်အတိုင်း ဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဉ်ရှိနေရာ ရေကိုစနစ်တကျ ချွေတာသုံးစွဲကြရန်၊ မိလ္လာ၊ ရေဆိုးနုတ်စနစ်များ ကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် လိုအပ်သည်များ ပြုပြင်ဆောင်ရွက်ရန်။

လုံခြုံရေးအသိသတိရှိစွာ အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက်နေထိုင်ခြင်း မရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ဧည့်သည်လာရောက်တည်းခိုပါက ဧည့်စာရင်းကို သက်ဆိုင်ရာ ရက်ကွက်အုပ်ချုပ်ရေးမှူးထံ မပျက်မကွက်တိုင်ကြားရန်၊ ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်၌ သန့်ရှင်းသာယာလှပတင့်တယ်စေရေး အစဉ်အလေးထားဆောင်ရွက်သွားရန် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများ၏ နေထိုင်မှုအခြေအနေများကို မေးမြန်းကြည့်ရှုအားပေးပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်