Skip to main content

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေပြဋ္ဌာန်း

(ယမန်နေ့မှအဆက်)

၉။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၁၀။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရမည်။ ထို့ပြင် မြေပြင်အခြေအနေအရ အရေးပေါ်ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များနှင့် မူလအခြေအနေအတိုင်း ဆောင်ရွက်ရန် အခက်အခဲရှိသည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။

၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များနှင့် ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၂။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး သို့မဟုတ် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သောစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူပြုသောစီမံကိန်းများနှင့် နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက်စီမံကိန်းများ ပါဝင်ရမည်။

၁၃။    သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲ ရမည်။

၁၄။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီးဖြစ်ရမည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်းဖြစ်ရမည်။ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ်အတည်ပြုထားသည့် ဗျူဟာမြောက်စီမံကိန်းများကို နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။

၁၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှ စတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရမည်။

၁၆။    သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသည့် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ