နိုင်ငံရေး မကျေလည်မှုများကို အကြောင်းပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်တွင်းရှိ ဒေသအများအပြားတို့တွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပျက်ပြားနေချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများမှာ ပုံမှန်အခြေအနေအတိုင်း အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်ခဲ့ကြသည်။ ဒေသနယ်နိမိတ်ချင်း ထိတွေ့ဆက်စပ်နေသည့် ကယားပြည်နယ်တွင် KNPP၊ KNDF နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်များ လှုပ်ရှားထကြွကြပြီး မြို့ရွာများအတွင်း၌ပါ မတည်မငြိမ်ဖြစ်ပေါ်လာခြင်း၊ တိုက်ပွဲများ ဖြစ်ပွားလာခြင်းတို့ကြောင့် ကယားပြည်နယ်မှ ယာယီတိုက်ပွဲရှောင်ကြသည့်ပြည်သူများမှာ ပအိုဝ်းဒေသဘက်သို့လည်း ရောက်ရှိခဲ့ကြသည်။
ကယားပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြင့်လျက်ရှိစဉ် ပအိုဝ်းဒေသတွင် တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းရှိနေခဲ့သည့်အပေါ် အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ မီဒီယာများက နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ပအိုဝ်းဒေသအတွင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်လာအောင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်ကို ထိုစဉ်က အွန်လိုင်းစာမျက်နှာများတွင် နေ့စဉ်လိုလို တွေ့မြင်ကြရသည်။ သို့ရာတွင် ပအိုဝ်းဒေသနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့မှာ ဒေသတည်ငြိမ်အေးချမ်းမှုကို မပျက်ပြားအောင် ဆက်လက်ထိန်းသိမ်းလျက် ကယားပြည်နယ်ဘက်မှ ခေတ္တတိမ်းရှောင်လာသူများကို မေတ္တာ၊ ကရုဏာအပြည့်ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့်အကူအညီများကိုလည်း ပေးခဲ့ကြသည်။
သို့သော်လည်း ပအိုဝ်းအဖြစ် အမည်ခံထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် PNLO မှာမူ စာချုပ်အပေါ်တွင်ရော၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုအပေါ်တွင်ပါ ဖောက်ဖျက်မှုများ ကျူးလွန်လျက် NUG၊ KNPP၊ KNDF၊ KPDF တို့နှင့် အပေါင်းအဖက်ပြုလုပ်ကာ လက်နက်မှောင်ခိုကုန်သွယ်မှုများ ပြုလုပ်ခဲ့သလို ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပအိုဝ်းဒေသအတွင်း တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့သည်။ အဆိုးဆုံးမှာ ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အမည်ခံထားလျက်နှင့် ဒေသခံပအိုဝ်းတိုင်းရင်းသားပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို အကြိမ်ကြိမ်မီးရှို့ခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့်ပစ္စည်းများကို အတင်းအဓမ္မလုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်း၏ အကြောင်းရင်းမှာ PNLO ၏ လက်နက်မှောင်ခိုမှုတွင် ဒေသခံပအိုဝ်းတိုင်းရင်းသားပြည်သူတို့က သတင်းပေးခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ထင်မြင်မှုဖြင့် စွပ်စွဲကာ ကိုယ့်လူမျိုးအပေါ် ပြန်လည်အကြမ်းဖက်မှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဒေသခံမဟုတ်သည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပူးပေါင်းခဲ့သည့် PNLO သည် ဒေသတွင် အကြမ်းဖက်အဖျက် လုပ်ရပ်များစွာကို ပြုလုပ်ခဲ့သည်။ ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေကာ ဒေသခံပြည်သူများ အကြောက်တရားဖြစ်ပေါ်စေရန်လည်း လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခဲ့သည်။ တည်ဆောက်မှုအပြုလုပ်ရပ်တို့ တစ်ခုမှမလုပ်နိုင်သော်လည်း ဖျက်ဆီးမှုများကိုမူ မြင်မကောင်းအောင် ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ စာနာမှုကင်းမဲ့သော အကြမ်းဖက်အဖျက်လုပ်ရပ်များအပေါ် သည်းမခံနိုင်တော့သည့်အဆုံး ပအိုဝ်းတိုင်းရင်းသားပြည်သူများသည် တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲကာ ပါဝင်တိုက်ခိုက်လာခဲ့ကြသည်။ ဆီဆိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများ ရွာလုံးကျွတ်နီးပါး အင်အားစုစည်းပါဝင်ခဲ့ကြခြင်းဖြစ်သည့်အတွက် ဆီဆိုင်မြို့ကို အကြမ်းဖက်သောင်းကျန်းသူများလက်မှ အမြန်ဆုံးပြန်လည်ရယူနိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်သည် နိုင်ငံတစ်ဝန်းရှိ ကျန်ဒေသများအတွက်လည်း စံနမူနာပင်ဖြစ်သည်။ အကြမ်းဖက်ခြိမ်းခြောက်မှုများ၏အောက်တွင် စိုးရိမ်ထိတ်လန့်စွာဖြင့် ကျီးလန့်စာစားနေထိုင်ကြမည့်အစား ပြည်သူများ၏ ညီညွတ်မှုစွမ်းအားနှင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့ ပူးပေါင်းခြင်းဖြင့် အကြမ်းဖက်သောင်းကျန်းသူများကို အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်သည့် လက်တွေ့သာဓကပင်ဖြစ်ရာ မိမိတို့နေထိုင်ရာဒေသများ အမြန်ဆုံး ပြန်လည်တည်ငြိမ်အေးချမ်းရေး၊ ပုံမှန်လူနေမှုဘဝများ ပြန်လည်ရရှိရေး၊ စိုးရိမ်ထိတ်လန့်မှု အကြောက်တရားများမှ ကင်းဝေးနိုင်ရေးတို့အတွက် အကြမ်းဖက်သောင်းကျန်းသူများ ချေမှုန်းတိုက်ခိုက်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ညီညွတ်စည်းလုံးစွာ ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။