Skip to main content

တပ်ကုန်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုး ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ နေခြည်ဝင်းဝါစက်သို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက်များမှ ဝါဂွမ်းအထုပ်များ ထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းများကို ပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့် ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ဝါစိုက်ဧကအပေါ် အခြေခံ၍ ကုန်ကြမ်းရရှိမှုအပေါ်မူတည်ကာ ဝါဖန်စက်များ ထပ်မံလိုအပ်မှု ရှိ/ မရှိ တင်ပြပေးရန်နှင့် ထပ်မံလိုအပ်သော စက်များကို ပြည်တွင်းစက်မှုဇုန်များမှ ထုတ်လုပ်နိုင်သည့်အတွက် တိုးချဲ့ဆောင်ရွက်လိုပါက ဆောင်ရွက်မည့် အစီအစဉ်များ ပြန်လည်တင်ပြကြရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲ နိုင်ရေးဝါစေ့ဆီကြိတ်ခွဲစက် ဆောင်ရွက်မည့် အစီအစဉ်များ တင်ပြကြရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် အလယ်ကျွန်းကျေးရွာရှိ ရွှေဝါကျွန်းလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ဝါမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဝါစိုက်တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ဝါစိုက်တောင်သူ များအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း၊ လိုအပ်သော သွင်းအားစုများရရှိရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှလည်းကောင်း၊ Contract Farming ဆောင်ရွက်သည့် ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စက်ပစ္စည်းလိုအပ်ချက်များကို စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး MSME ချေးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်တို့က အလယ်ကျွန်းကျေးရွာရှိ ရွှေဝါကျွန်းလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်းမှ ဝါစိုက်တောင်သူ ၄၇၄ ဦး၏ လယ်ယာမြေ စိုက်ဧက ၁၄၅၀ တွင် စိုက်ပျိုးရန်အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များကို အသင်းသားတောင်သူများ လက်ဝယ်သို့ပေးအပ်ကာ အသင်းသားတောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်