နေပြည်တော် မတ် ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုမူဝါဒများ” အမှတ်စဉ် (၅၂) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအမှတ်(၁)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
ကော်ပိုရိတ်စီမံခန့်ခွဲအုပ်ချုပ်မှုအခန်းကဏ္ဍ
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံတကာ၌ကုမ္ပဏီအဖွဲ့အစည်းများ၊ ကော်ပိုရိတ်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လာကြရာ ကော်ပိုရိတ်စီမံခန့်ခွဲအုပ်ချုပ်မှု (Corporate Governance) ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလာပါကြောင်း၊ ကော်ပိုရိတ်စီမံခန့်ခွဲအုပ်ချုပ်ရာတွင် လက်တွေ့ဆောင်ရွက်ရသည့် ဥပဒေနှင့်နည်းဥပဒေများ (Rule and Regulations)၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သီအိုရီပိုင်းအရ နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းအဖွဲ့အစည်း (Multinational Corporation) များရှိလာသည့်အတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဝါဒများ၏ အရေးပါမှုသည်လည်း နိုင်ငံတိုင်းတွင်ရှိလာပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနသည် ကုမ္ပဏီကိစ္စရပ်များသာမက နိုင်ငံခြားစီးပွားဆက်ဆံရေးပိုင်းဖြစ်သည့် အစိုးရအချင်းချင်း၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကိုပါ ဆောင်ရွက်လျက်ရှိသည့်အတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဝါဒများကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆောင်ရွက်ရာတွင် အဆုံးအဖြတ်ပေးမည့် ပုဂ္ဂိုလ်၊ အစုရှယ်ယာဝင်များ၊ အလုပ်သမားများ၏အခန်းကဏ္ဍ၊ စားသုံးသူများ၏ အခန်းကဏ္ဍနှင့်လူ့အဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၏ မူဝါဒနှင့် OECD ၊ အဓိပ္ပာယ်များ၊ မူဝါဒ၏ အခြေခံသဘောတရား၊ ကုမ္ပဏီများ၏ ဥပဒေဆိုင်ရာ ဂုဏ်သတ္တိများ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်သဘော တရား၊ ကုမ္ပဏီဆိုင်ရာအစည်းအဝေးများ၊ အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်များ၊ ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်များ၊ ဒါရိုက်တာများ၏ ဥပဒေဆိုင်ရာတာဝန်များ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် မှတ်ပုံတင်စာရင်း စသည့်ခေါင်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက် ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အွန်လိုင်းဖြင့် တက်ရောက်သည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်