နေပြည်တော် မတ် ၂၉
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တင်ပြခဲ့သည့် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲမှု ကိစ္စများအနက် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၅) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း (၁၃) စောင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တင်ပြသည့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းကိစ္စရပ် (၂) စောင်တို့အပေါ် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရေးအတွက် ထောက်ခံတင်ပြပေးနိုင်ရေးအဖွဲ့ဝင်များနှင့် အတည်ပြုဆွေးနွေး နိုင်ရန်ဖြစ်ကြောင်း၊ ထို့ပြင် “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာညွှန်ကြားချက်” ထုတ်ပြန်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်း တာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသဖြင့် အစိုးရဌာနဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရေးကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းနှင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနများက တင်ပြသည့် အမှာစာများကို သက်ဆိုင်ရာ ကော်မတီဝင်များနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ မှာကြားပြီးနိဂုံးချုပ်အမှာ စကားပြောကြားသည်။
သတင်းစဉ်