နေပြည်တော် မတ် ၂၇
(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၂ ဦးနှင့် တတိယအဆင့် ၂ ဦး စုစုပေါင်း ၄ ဦးတို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်များ၏ ကျန်းမာရေးအခြေ အနေများအား တစ်ဦးချင်းမေးမြန်းအားပေးစကားပြောကြားပြီး အားဖြည့်ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့်ငွေများကို ကိုယ်တိုင် ကိုယ်ကျ ဂါရဝပြုပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီးတို့သည် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များနှင့်အတူ လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများကို အတူတကွ သုံးဆောင်ကြသည်။
၂၀၂၄ ခုနှစ်တွင် ကျရောက် သော (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များဖြစ်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးမောင်မောင်သည် အသက် ၁၀၁ နှစ်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးကျော်စိန်သည် အသက် ၁၀၀ နှစ်၊ လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးအေးသိန်းသည် အသက် ၉၆ နှစ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးဘချောသည် ၉၆ နှစ်တို့ဖြစ်ကြပြီး ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန်တော်လှန်ရေးဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောပြရင်း ငယ်မူငယ်သွေးအပြည့်ဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ကိန်းအောင်းလျက်ရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်