ဆိုချီ မတ် ၂၇
(၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOM-EXPO 2024) ဒုတိယနေ့ကို မတ် ၂၆ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ဆက်လက်ကျင်းပသည်။
အပြန်အလှန်မေးမြန်းဆွေးနွေး
ဖိုရမ်ဒုတိယနေ့တွင် စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဒစ်ဂျစ်တယ်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ ဂေဟဗေဒကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သိပ္ပံနည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှု စကားဝိုင်းဆွေးနွေးပွဲများကိုကျင်းပပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ဆွေးနွေးကြကာ တက်ရောက်လာကြသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
နျူကလီးယားစီမံကိန်းဆိုင်ရာဆွေးနွေး
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများတွင် နိုင်ငံတကာစွမ်းအင် လိုအပ်ချက်အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ အလိုအလျောက်ဆောင်ရွက်သည့်စနစ်နှင့် ထိန်းချုပ်ရေးစနစ်များ၊ ဓာတ်ရောင်ခြည် နည်းပညာဆိုင်ရာ တပ်ဆင်မှုများနှင့် ထုတ်လုပ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းနှင့် စက်မှုလုပ်ငန်းဖန်တီးခြင်းဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုမရှိဘဲ နိုင်ငံစီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်မှု၊ နျူကလီးယားနည်းပညာကို အခြေခံသည့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များ၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏလျော့ကျရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအသစ်များ၊ ဓာတ်ရောင်ခြည်သုံးနည်းပညာများ၊ စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်လုံခြုံရေး၊ သတင်းအချက်အလက်နှင့်ဆိုက်ဘာလုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြား ဟန်ချက်ညီအောင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ နျူကလီးယားအခြေခံအဆောက်အအုံများ တည်ဆောက်မှုအတွက် ပြင်ဆင်ရန်လိုသည်များနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သင့်သည်များ၊ နျူကလီးယားအခြေခံအဆောက်အအုံနှင့် နျူကလီးယားစီမံကိန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ATOMEXPO FORUM ကို ၂၀၀၉ ခုနှစ်ကစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး နိုင်ငံတကာနျူကလီးယားအဖွဲ့အစည်းများဖြစ်သော IAEA နှင့် ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့် အာဖရိကနိုင်ငံအသီးသီးမှ အလေးထားတက်ရောက်သော Forum တစ်ခုဖြစ်သည်။ Nuclear Power မှ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူပြောင်းရေး ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်