Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV ၊ Bar ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ်၊ ဆိုင်များ အား ဖော်ထုတ်ဖမ်းဆီးအရေးယူ

 

နေပြည်တော် စက်တင်ဘာ ၄

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များအား လိုက်နာခြင်း မရှိသည့် KTV ၊ Bar ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်၊ ဆိုင်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။

လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ထိရောက်စွာ ထိန်းချုပ်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် လုပ်ငန်းကော်မတီက KTV ၊ Bar ၊ အနှိပ်ခန်းများ ဖွင့်လှစ် လုပ်ကိုင်ခြင်းမပြုရန် ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း၌ လိုက်နာခြင်းမရှိဘဲ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေသည့် နေအိမ်၊ ဆိုင်များအား စက်တင်ဘာ ၂ ရက်နှင့် ၃ ရက် ညများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့မှ KTV ဆိုင် တစ်ဆိုင်၊ ပြည့်တန်ဆာအိမ် နှစ်အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးအား လည်းကောင်း၊ ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ KTV ဆိုင် တစ်ဆိုင်မှ ပိုင်ရှင်၊ ဆိုင် ဝန်ထမ်း စုစုပေါင်း လေးဦးအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ KTV ဆိုင် တစ်ဆိုင် မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်းနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၁၆ ဦးအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင် အနှိပ်ခန်း နှစ်ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ အား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့် ဆော မြို့တို့ရှိ တရားမဝင်အနှိပ်ခန်း နှစ်ခန်း မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦး အား လည်းကောင်း။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ အမရပူရ မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ တရား မဝင်အနှိပ်ခန်း သုံးခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက် အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးအား လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ KTV ဆိုင် တစ်ဆိုင်မှ ပိုင်ရှင် တစ်ဦးအား လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ KTV ၊ Bar ဆိုင် နှစ်ဆိုင်၊ တရားမဝင်အနှိပ်ခန်း တစ်ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် ဧည့်သည် စုစုပေါင်း ၅၂ ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ်မြို့တို့ရှိ KTV ၊ Bar ဆိုင် လေးဆိုင် မှ ပိုင်ရှင်၊ မန်နေဂျာနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၃၆ ဦးအား လည်းကောင်း။

စုစုပေါင်း တိုင်းဒေသကြီး/ပြည်နယ် ကိုးခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV ၊ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ရှစ်ခန်း၊ ပြည့်တန်ဆာအိမ် နှစ်အိမ်နှင့် ဖမ်းဆီးရမိသူ ၂၀၅ ဦးတို့ အား သက်ဆိုင်ရာမြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်းစဉ်