နေပြည်တော် စက်တင်ဘာ ၄
မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်အတွင်းရှိ ပါဝင်ပတ်သက် သူများ အားလုံး ပါဝင်သော ပဉ္စမအကြိမ်စားပွဲဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
ဆွေးနွေးပွဲသဘာပတိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့သည့်အတွက် ကပ်ရောဂါဖြစ်ပွား မှုကို တုံ့ပြန်မှုအဖြစ် CERP ကို ထုတ်ပြန်ခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် စတော့ဈေးကွက် ပိုမိုသက်ဝင် လှုပ်ရှား လာစေရန်နှင့် တိုးတက် လာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ စားပွဲဝိုင်းဆွေးနွေးပွဲကို သုံးလတစ်ကြိမ် စဉ်ဆက်မပြတ်ကျင်းပခဲ့ရာ ယခုအကြိမ်သည် ငါးကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ယခုပဉ္စမအကြိမ် ဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံခြားသား ရှယ်ယာဝယ်ယူမှု၊ ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုနှင့် ရှေ့အလားအလာ၊ အွန်လိုင်းဖြင့် ငွေချေး သက်သေခံလက်မှတ် စာရင်းဖွင့်လှစ်မှု အခြေအနေ၊ ရန်ကုန် စတော့အိတ်ချိန်း တွင် စာရင်းမဝင်ရသေးသော အများပိုင်ကုမ္ပဏီ များအတွက် Pre-listing Board တည်ထောင် ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက ရင်းနှီး ပွင့်လင်းစွာ ပါဝင်ဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ၊ ဂျပန် သံရုံးနှင့် JICA မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များအသင်း၊ Myanmar Private Equity and Venture Capital Association၊ စာရင်း ဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် ရန်ကုန်စတော့အိတ်ချိန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခုရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကြောင့် စတော့ရှယ်ယာ အရောင်း အဝယ်များ အနည်းငယ်ကျဆင်းခဲ့ သော်လည်း နေ့စဉ်ပုံမှန် ရောင်းဝယ်မှုများရှိ ကြောင်း သိရသည်။
သတင်းစဉ်