ရန်ကုန် မတ် ၂၆
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက မင်္ဂလာဒုံတပ်မ တော်ဆေးရုံကြီး၌ ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်း
အခမ်းအနားသို့ ဆေးရုံကြီး တပ်မှူး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ဝိုင်အမ်ဘီအေ(ဗဟို) တွဲဖက်ဘဏ္ဍာရေးမှူး ဦးမြင့်သူ၊ တိုင်းဒေသကြီး ဝိုင်အမ်ဘီအေအသင်းဥက္ကဋ္ဌ ဦးသန့်စင်၊ အတွင်းရေးမှူး ဦးထင်ကျော်မိုးနှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှဥက္ကဋ္ဌများ တက်ရောက်ကြပြီး အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များမှ အသင်းသား အသင်းသူ ၅ဝ တို့က စုပေါင်းသွေးလှူဒါန်းကြရာ ဆေးရုံကြီးတပ်မှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖြည့်စွက်အာဟာရများ ပြန်လည်ပေးအပ်ကာ သွေးလှူရှင်များအား အလှူရှင် ဦးကျော်ဝင်း မိသားစုနှင့် တေးသံရှင် ရွှေဖြူနန်းနွယ်က စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။
အလားတူ နယ်မြေခံ တပ်မတော်ဆေးရုံကြီးတို့တွင် ပဲခူးတိုင်းဒေသကြီး ဝိုင်အမ်ဘီအေအသင်းဥက္ကဋ္ဌ ဦးလှတင်ဦး ဦးဆောင်သော အသင်းဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ဝိုင်အမ်ဘီအေ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးမင်းမြတ်ဦးနှင့် အဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြသည်။
ဂုဏ်ပြုချီးမြှင့်
ထို့အတူ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်များမှ အသင်းသူ အသင်းသား ၇၅ ဦးတို့က ယနေ့နံနက် ၉ နာရီတွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတွင် တစ်ပြိုင်တည်း သွေးလှူဒါန်းကြရာ သွေးလှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံကြီး တပ်မှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ ဦးကြည်သိန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးအောင်မိုးနှင့် အလုပ်အမှုဆောင်များ တက်ရောက်အားပေးကြပြီး သွေးလှူဒါန်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။
ထို့ပြင် ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ၏ စုပေါင်းသွေးလှူဒါန်းပွဲကို တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ အသင်းသား အသင်းသူများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းဆေးရုံတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) မှ အသင်းသား အသင်းသူများ၏ သွေးလှူဒါန်းပွဲကို ကျောက်ဆည်ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ YMBA အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ ဆေးရုံအုပ်ကြီးများ၊ တာဝန်ရှိသူများက သွေးလှူရှင်များအား သွားရောက်ကြည့်ရှုအားပေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်