Skip to main content

ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသစ် (မြစ်ကြီးနား) ဖွင့်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မြစ်ကြီးနား  ဇန်နဝါရီ ၁၇

ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးသစ် (မြစ်ကြီးနား) ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံးသစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့သည်။

အဆိုပါ ရုံးသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်၊ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် အမှတ်တရသစ်ပင်များ စိုက်ပျိုး ခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တာဝန်ယူသည့် ကာလအတွင်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သည့်အခါ ဌာနဆိုင်ရာများ၏ တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဘဏ္ဍာငွေရရှိမှုပေါ် မူတည်ပြီး ထည့်သွင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကချင်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး (၁၂၀×၄၀) ပေ၊ RC (၂) ထပ် အဆောက်အဦကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊  ပြည်နယ်အစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေ (၂၃၅.၅) သန်းဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြီးစီးခဲ့ပါကြောင်း၊ အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ခဲ့သည့် Mya Mo San Co.Ltd ကို ကျေးဇူးတင် ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းမှ ရုံးအဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေး အပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ကာ ညွှန်ကြားရေးမှူးချုပ်မှ ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ရုံးသစ်ဖွင့်ပွဲအမှတ်တရ အထိမ်းအမှတ်အလံများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများအား ပေးအပ်ကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ပြည်နယ် ပြန်/ဆက်