ရန်ကုန် မတ် ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr.Md.Monwar Hossain က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလွင်ဦးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
တည်ခင်းဧည့်ခံ
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ဒုတိယဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် ဇနီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်